[Zawgyi]
"ရှောင်းကျန့်"ဆိုတဲ့ အမည်နာမကို ရည်ညွန်းပြီး ရေးခဲ့တဲ့ ရိပေါ်ရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ "ကောကိုချစ်တယ်"ဆိုတဲ့ စကားစုက အပြည့်။
ရွယ်တူတွေက ပြောကြတယ်၊ ဝမ်ရိပေါ်က ကလေးနေရာကလေးမနေပဲ လူကြီးပုံစံအရမ်းဖမ်းတယ်တဲ့။ ပြောလည်းခံရမှာပါပဲ၊ သူချစ်မိတဲ့ အစ်ကိုကြီးက တအားကို ရင့်ကျက်လွန်းနေတော့ သူကလည်း အစ်ကိုကြီးနဲ့အပြိုင် ရင့်ကျက်ပြနိုင်မှဖြစ်မယ်လေ။
အမှန်ဆို ရိပေါ်က သိပ်စိတ်ကူးယဉ်တတ်တဲ့သူ။ သူငယ်ငယ်ကတွေးခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲမှာဆို သူက ပုံပြင်တွေထဲကလို သူရဲကောင်းကြီးလုပ်ပြီး မင်းသမီးလေးကို ကာကွယ်စောင့်ရှောက်ချင်တာ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ၊ သူချစ်မိသွားတာက မိန်းကလေးမဟုတ်ပဲ ယောက်ျားလေးတစ်ယောက်ဖြစ်နေတယ်။ ယောက်ျားလေးတောင်မှ တကယ့်ကို ကျောင်းသားတိုင်းရဲ့စံပြ အစ်ကိုကြီးရှောင်းကျန့်။
သူကောကို သိပ်ချစ်တယ်..ကာကွယ်စောင့်ရှောက်ပေးချင်တယ်။ ဒါပေမဲ့ သူက အရမ်းငယ်နေသေးတော့ ကောက သူ့ကိုအထင်မကြီးဘူးဖြစ်နေတယ်။ ဖြစ်နိုင်ရင် ပြဇာတ်တွေထဲမှာပါတဲ့ သိကြားမင်းရဲ့ နတ်ရေကန်ထဲ ခုန်ချပြီး ၁၆နှစ်သားအနေနဲ့ ဘွားကနဲပြန်ပေါ်လာချင်တယ်၊ အနည်းဆုံး သုံးနှစ်လောက် ကျော်လို့ရတော့ရော နည်းလား။
တကယ်ပါ ငယ်သေးတဲ့အချစ်မို့ အထင်မကြီးရင်နေပါ၊ နည်းနည်းလောက်လေးတော့ အသိအမှတ်ပြုပေးစေချင်တယ် ကောရယ်.....။
"ကော..အိပ်နေပြီလားဟင်"
ဒိုင်ယာရီထိုင်ရေးနေတုန်း ရိကျိုးလေးဆီက အသံကြားသည်မို့ လှည့်ကြည့်လိုက်တော့ မျက်လုံးလေးကိုပွတ်ကာ အိပ်မှုန်စုံမွှားနှင့် သူ့ကိုကြည့်နေသည်။