[Zawgyi]
အချိန်က တစ်စတစ်စနဲ့ကုန်လာလိုက်တာ အခုဆို သူကောလိပ်ပြန်တက်နေရတာတောင် တစ်လကျော်ပြီ။ နိုင်ငံရေးအခြေအနေကလည်း မတည်ငြိမ်တာကြောင့် ကျောင်းသားတွေခမျာလည်း အသက်ကိုဉာဏ်စောင့်ကာ နေကြရသည်။
ရှောင်းကျန့်လည်း စာသာသင်နေရပေမဲ့ စိတ်က စာထဲမှာမရှိ။ ချူံ ချင်းမှာရှိနေသည့် မိဘတွေကို သူစိတ်ပူသည်။ ပါးတို့မားတို့ရော အဆင်ပြေကြရဲ့လားသိချင်သည်။
စာကို အာရုံစိုက်ဖို့ ကြိုးစားပေမဲ့ သူ့ခေါင်းထဲ ဘယ်လိုမှထည့်မရ။ ဆရာ မလာသေးတာမို့ ဖတ်လက်စ စာအုပ်ကို ပြန်ပိတ်ကာ မျက်နှာကို လက်နှစ်ဖက်နှင့်ပွတ်ကာ စိတ်ပြေရာပြေကြောင်း လုပ်နေမိသည်။
"ရှောင်းကျန့်..မင်းအတွက်ကြေးနန်းရောက်နေတယ်တဲ့"
အခန်းရှေ့က လာခေါ်သည့် အသံကြားတာနှင့် စာအုပ်တွေကို ဖြစ်သလိုသိမ်းကာ သူကြေးနန်းရုံးကို အမြန်ပြေးသွားလိုက်သည်။ အတန်းချိန်ရှိတာကိုလည်း ဂရုစိုက်မနေနိုင်တော့ဘူး။
ကျေးဇူးပြုပြီး မားတို့ဘာမှမဖြစ်ပါစေနဲ့!
သူကြေးနန်းရုံးကိုရောက်တော့ ကြေးနန်းစာရေးကြီးက သူ့ကို "ခဏစောင့်ဦး"ဆိုသည့် သဘောနှင့် လက်လှမ်းပြတာမို့ သူလည်း နီးရာခုံတစ်ခုံကိုဆွဲယူကာ ထိုင်စောင့်နေလိုက်သည်။
တအောင့်လောက်ကြာတော့မှ စာရေးကြီးက သူရှိရာကို လျှောက်လာပြီး စာရွက်လေးတစ်ရွက်ကို လာပေးသည်။
သူလည်း စာရွက်ကို အမြန်ယူကာ ဖတ်ကြည့်လိုက်တော့
"ရတဲ့နည်းနဲ့ ချူံ ချင်းကို အမြန်ဆုံးပြန်ခဲ့ပါ ရှောင်းကျန့်"
ပါးဆီက ကြေးနန်းစာကို လက်ခံရရှိသည့်အခါမှာ သူ့ခြေထောက်တွေ ခွေကျလုမတတ်ပဲ။ ဒီလောက် အရေးတကြီးပြန်လာခိုင်းတယ်ဆိုတော့ သေချာတာ ပါးဆီမှာ အတော်ကိုအရေးကြီးတဲ့ ကိစ္စရှိလို့ပဲ။