[Zawgyi]
ဇတ်ပိုးကို အရိုက်ခံရမှုကြောင့် မေ့သွားခဲ့သည့်သူက ခရီးလမ်းတစ်ဝက်မှာမှ သတိပြန်ရလာခဲ့သည်။ နိုးနိုးလာချင်း သူမြင်ရတာက ဆေးလိပ်သောက်နေသည့် မား။
လှဲအိပ်နေရာမှ အမြန်ထလိုက်တော့ ဂုတ်ပိုးနေရာက အောင့်နေတာကြောင့် ထိုနေရာကို လက်နှင့်ဖိပြီးမှ သူဖြည်းဖြည်းချင်းထရသည်။
"ဒါဘယ်နေရာလဲမား"
သူ့အသံကိုကြားတော့ မားက ဆေးလိပ်သောက်နေရင်းမှ ဆေးလိပ်ကို ပြာချလိုက်ကာ
"နယ်စပ်မှာလေ"
"ကျွန်တော်သတိမေ့နေတာဘယ်နှစ်ရက်ရှိပြီလဲ"
"မင်းကိုမင်းအဖေက အိပ်ဆေးတွေတိုက်ပြီးခေါ်လာလို့ မင်းအဲ့လောက်ထိအိပ်ပျော်သွားတာပါ...သူရိုက်လိုက်တာက သိပ်မပြင်းပါဘူး"
"မပြင်းပေမဲ့လည်း....."
သူ့ကြောင့် ဝမ်ရိပေါ်တို့ မိသားစုကို မကယ်နိုင်ခဲ့တာလေ။ ပါးသာ ကားကို ခဏလောက်ဖြစ်ဖြစ် ရပ်ပေးခဲ့မယ်ဆိုရင် ဝမ်ရိပေါ်တို့ကို သူဆင်းခေါ်နိုင်ခဲ့မှာ။ အခုတော့ သူ့ပယောဂကြောင့် လူ့အသက်သုံးချောင်းက အလကားသက်သက် ပေးဆပ်လိုက်ရပြီ။
မားကိုကြည့်လိုက်တော့ ဆေးလိပ်ကိုကိုင်ကာ တစ်ခုခုကို တွေးတောနေဟန်မို့
"ပါးလိုလူမျိုးနဲ့နေရတာ မားစိတ်မပျက်ဘူးလားဟင်"
သူ့စကားဆုံးတော့ မားက သူ့ကိုကြည့်လာပြီးမှ မျက်နှာပြန်လွှဲသွားကာ
"မားကသူ့ကိုမှ ချစ်နေမိတာကိုး"
အပြုံးဖျော့ဖျော့လေးနှင့် ပြောနေသည့်မားရဲ့ပုံစံကို သူအခုထိ တစ်ခါမှမမြင်ဖူးခဲ့ဘူး။
"အချစ်ဆိုတာဘာလဲဟင်"
အချစ်ဆိုတာဘာလဲ သူမသိသလို၊ ချစ်တယ်ဆိုတာက ဘာမှန်းလည်း သူမသိဘူး။ ပြီးတော့ လူတစ်ယောက်ကို ဘယ်လိုချစ်ရမှန်းလည်း မသိဘူး။ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက သူ့ကို ချစ်ကြောင်းတွေ တဖွဖွပြောတိုင်းလည်း သူဘာပြန်ပြောရမှန်းမသိခဲ့ဘူး။