[Zawgyi]
ပါးရဲ့ဈာပနပြီးကတည်းက သူတို့သားအမိတွေ မားရဲ့အစ်ကိုဝမ်းကွဲအိမ်ကို ပြောင်းရွှေ့လာခဲ့သည်။ ဦးလေးကလည်း မိသားစုများသူမို့ ဦးလေးရဲ့မိန်းမက သူတို့ကို သိပ်မကြည်ဖြူ ။
မကြည်ဖြူ တာသိသော်ငြား အခုလက်ရှိအခြေအနေအရက ဒီနေရာမှလွဲ၍ တခြားသွားစရာမရှိသေးတာကြောင့် သည်းခံနေရသည်။
သူတို့ပေးတဲ့ အခန်းကျဉ်းလေးထဲမှာ ပါလာတဲ့ အထုပ်အပိုးတွေကို နေရာချရင်း အခန်းပတ်ပတ်လည်ကို မျက်စိကစားလိုက်သည်။
လူသုံးယောက် နေဖို့ရာအတွက် ကျဉ်းသည်ဆိုပေမဲ့လည်း ဒီအခန်းလေးပေးတာကိုပင် ကျေးဇူးတင်ရမည်လေ။ ဒီလောက် ကူညီပေးတာနဲ့တင် အရမ်းကျေးဇူးတင်နေပါပြီ။
"မား...သားအပြင်ခဏထွက်ဦးမယ်"
"ဘယ်သွားမှာလဲသား"
"ဦးလေးရဲ့မိန်းမနဲ့ခဏသွားတွေ့မလို့ပါ"
"အေးအေး..သား"
အခန်းလေးထဲကနေ အပြင်ထွက်ကာ ဦးလေးရဲ့အိမ်ထဲ လှည့်ပတ်ကြည့်လိုက်သည်။ ဦးလေးတို့မိသားစုက ချမ်းသာတယ်ရယ်တော့မဟုတ်ပေမဲ့ သူတို့ထက်စာရင် အများကြီးအဆင်ပြေတယ်ဟု ဆိုရမည်။
ကိုယ်ပိုင်အိမ်နှင့် နေနိုင်သည့်အပြင် အလုပ်အကိုင်တိတိကျကျရှိသော ဦးလေးကြောင့်လည်း စားဝတ်နေရေးအဆင်ပြေကြသည်။
အိမ်ထဲ လှည့်ပတ်ကြည့်ရင်း ဈေးခြင်းတောင်းကိုင်ကာ ထွက်လာသော ဦးလေးရဲ့မိန်းမကို မြင်တာကြောင့် သူအမြန်အနားကပ်သွားလိုက်သည်။
"ဒေါ်လေးဈေးသွားမလို့လား...ကျွန်တော်ခြင်းတောင်းကူဆွဲပေးမယ်လေ"
"ဆွဲပေးရင်တော့ကောင်းတာပေါ့အေ"
ဒေါ်လေးက သူ့လက်ထဲ ခြင်းတောင်းထည့်ကာ ရှေ့ကနေ ထွက်သွားတာမို့ သူနောက်ကနေ အမြန်ပြေးလိုက်ရသည်။