[Zawgyi]
"မင်းတို့နှစ်ယောက် ဘာလို့ငြိမ်နေကြတာလဲ"
ယူးတိုရဲ့အသံက အတိတ်ကိုပြန်တွေးနေတဲ့ သူ့ကို ပစ္စုပ္ပန်သို့ ပြန်ရောက်စေသည်။ မင်ယောင်နဲ့သူက ဟိုးအရင်တုန်းကလို ဆက်ဆံရေးမျိုးမှမဟုတ်တော့တာကို သူက ဘယ်လိုလုပ် အရင်လိုပြန်ခေါ်ပြောနေနိုင်မှာလဲ။
မင်ယောင်ရော သူရောက လူကောင်းတွေမဟုတ်ကြပေမဲ့ ယုတ်မာတဲ့ပုံချင်းကွာသည်။ သူက ရိုက်ရုံနှက်ရုံလောက်နှင့်ပဲ ကျေနပ်တတ်ပေမဲ့ မင်ယောင်ကတော့ ထိုသို့မဟုတ်။ သူ့လက်ထဲရောက်လာတဲ့ သုံ့ပန်းတွေက ပင်ပန်းခက်ခဲတဲ့ အလုပ်တွေလုပ်ကြရတာကလွဲရင် ကျန်တာဘာမှမပူရဘူး။
ရိပေါ်က လူကောင်းတော့မဟုတ်ပေမဲ့ မယုတ်မာတတ်ဘူးလို့ ပြောရမည်။ ဒါပေမဲ့ မင်ယောင့်ဆီ ရောက်သွားရတဲ့လူတွေကကျ ခန္ဓာပိုင်းဆိုင်ရာတင်မကဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ချေမွဖျက်ဆီးခြင်းကို ခံကြရသည်။
သူဟာ စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့တဲ့သူဖြစ်တာကြောင့် လက်နှစ်ဖက်လုံး သွေးစွန်းခဲ့ဖူးပေမဲ့ ပုရွက်ဆိတ်တောင် မသတ်ဖူးသော ပျော့တိပျော့ဖတ်နှင့်မင်ယောင်က သူ့ထက် ပိုကြောက်ဖို့ကောင်းသည်။
သူတို့နှစ်ယောက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တာကြောင့် သူ့ဘက်က အတတ်နိုင်ဆုံး ခပ်ခွာခွာနေခဲ့ပေမဲ့ မင်ယောင်က မထိတထိနှင့် ရန်စလေ့ရှိသည်။ အားနာထောက်ထားနေရမဲ့ ယူးတိုသာမရှိရင် မင်ယောင်ဟာ ရိပေါ်ရဲ့လက်ထဲမှာ သေပြီးတာ ကြာလှပြီ။
"မဟုတ်ပါဘူးယူးတိုရဲ့...ရိပေါ်က အတွေးများစရာလေးတွေရှိလို့ ငြိမ်နေတာပါ"
ကာယကံရှင်ဖြစ်တဲ့သူတောင် ငြိမ်နေတာကို သူ့အစားထဖြေနေတဲ့ မင်ယောင့်မျက်နှာကို စူးရဲစွာ စိုက်ကြည့်လိုက်တော့ ထိုသူက သူ့ကို မဲ့ပြုံးလေးပြုံးပြနေသည်။