[Zawgyi]
အခန်းထဲက ထွက်လာပြီးသည်နှင့် ရှေ့က ဂျပန်ကောင်ခေါ်ရာနောက်သာ တကောက်ကောက်လိုက်နေရသည်။ ဂျပန်စစ်စခန်းက အတော်ကျယ်တာမို့ အခုဖြတ်လာခဲ့သည့် လမ်းတွေပင် သူမမှတ်မိ။
စစ်စခန်းအပြင်ရောက်တော့ ဂျပန်ကောင်က ကားတစ်စီးပေါ်တက်လိုက်ပြီး သူ့ကိုပါ တက်ဖို့ ခြေဟန်လက်ဟန်ပြနေသည်မို့ ဂျပန်ကောင်ရဲ့ဘေးသာ ဝင်ထိုင်လိုက်သည်။
ကားမောင်းကြမ်းလှသော ဂျပန်ကောင်ကြောင့် သူတို့စီးလာသည့် ဂျစ်ကားလေးက ဟိုယိမ်းဒီယိမ်းဖြင့်။ ကားမမှောက်အောင် ဘုရားတနေရသည့် ရှောင်းကျန့်ရဲ့ဘဝကလည်း လွယ်တော့လွယ်မနေဘူး။
ဂျပန်လက်ထဲ သေနတ်ပစ်ခံရလို့ မသေဘဲ ကားမှောက်လို့ ကြွတော့မယ်ထင်ပါရဲ့။
စကောထဲက ဆီးဖြူ သီးလို ဟိုလှိမ့်ဒီလှိမ့်နဲ့ လိုက်ပါရပြီးနောက်မှာ သူစီးလာရတဲ့ကားက စားသောက်ဆိုင်တစ်ခုဆိုင်ရှေ့မှာ ရပ်သွားသည်။
အောက်မဆင်းသေးဘဲ ကားပေါ်ကနေ အခြေအနေအကဲခတ်နေသော သူ့ကို ဂျပန်ကောင်က ကားပေါ်က ဆင်းခဲ့ဖို့ ခြေဟန်လက်ဟန်ပြနေပြန်သည်။
ဂျပန်ကောင်ကိုမကြောက်ပေမဲ့ သူ့လက်ထဲက သေနတ်ကိုတော့ ကြောက်တာမို့ အထွန့်မတက်တော့ဘဲ ကားပေါ်ကဆင်းကာ ထိုဂျပန်ကောင်နား အမြန်ပြေးသွားလိုက်သည်။
"Follow me"
ထိုစကားတစ်ခွန်းသာ ပြောပြီး ဂျပန်ကောင်က ဆိုင်ထဲဝင်သွားတာမို့ သူလည်းနောက်က အမြန်လိုက်ရသည်။
ဆိုင်ထဲရောက်တော့ သူ့ပါးစပ်က အလိုလို ပွင့်ဟသွားရသည်။ ကြည့်မိတဲ့ ကိုယ့်မျက်လုံးကိုယ်တောင် ဖောက်ထုတ်ပစ်လိုက်ချင်မိပါရဲ့။
စားသောက်ဆိုင်ထင်နေခဲ့တာ...ဘယ်ဟုတ်မလဲ ဆောင်ကြာမြိုင်ဖြစ်နေတာကိုး။