[Zawgyi]
ယူးတိုရော ရှောင်းကျင့်ကောရော ထွက်သွားတော့မှ သူ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြနိုင်တော့သည်။ ခုနက ချူ ပ်တည်းထားခဲ့ရတဲ့ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတစ်ပိုင်းတစ်စက အခုမှ တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
တကယ်ကို....တကယ်ကို သူမသိခဲ့ဘူး။
ဝမ်ရိပေါ်ကို သတ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာကို သူတကယ်မသိခဲ့ဘူး။ တကယ်တော့ သူဖြတ်သန်းလာခဲ့ရတဲ့ ခြောက်နှစ်တာကို ဝမ်ရိပေါ်မေးခဲ့တုန်းက အလိမ်အညာနည်းနည်းထည့်ခဲ့မိတာတော့အမှန်။
ဒါပေမဲ့ သူအကုန်လုံးကို လိမ်ညာခဲ့တာတော့မဟုတ်ဘူး။ မိဘတွေရဲ့သေဆုံးမှုကို မျက်မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာ သူလေလွင့်နေခဲ့တာက အမှန်ဖြစ်သလို ရှောင်းကျင့်ကောက သူ့ကို ကယ်တင်ပေးခဲ့တာလည်း အမှန်ပဲ။ မမှန်တာက သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ အလုပ်အကိုင်ပဲရှိသည်။
ကျင့်ကောနဲ့သူတွေ့တဲ့အချိန်တုန်းက ကျင့်ကောက စစ်ထဲဝင်ပြီး နိုင်ငံအတွက် တိုက်ပွဲဝင်နေပြီ။ အစက သူဟာ ဒီအတိုင်း ရိုးရိုးသာမန်ပြည်သူတစ်ယောက်သာ။ ဒါပေမဲ့ "မင်းလည်း စစ်ထဲဝင်ပါလား..မင်းရော ဂျပန်တွေကို မမုန်းဘူးလား"ဆိုတဲ့မေးခွန်းကို ကျင့်ကောက မေးလာချိန်မှာ သူ့ခေါင်းထဲ အတွေးတစ်ခုက စတင်ဝင်ရောက်လာခဲ့သည်။
ဂျပန်တွေကိုမုန်းလားတဲ့...သူအရမ်းမုန်းတာပေါ့။ ဒီကောင်တွေကြောင့်သာ မဟုတ်ရင် သူတို့နယ်စပ်အထိ ထွက်ပြေးစရာမလိုခဲ့သလို ပါးနဲ့မားလည်း အဖြစ်ဆိုးနဲ့ ကြုံခဲ့ကြရမှာမဟုတ်ဘူး။ ပြီးတော့ သူလည်း ကောလိပ်ကနေ ဘွဲ့ရပြီး အလုပ်ခွင်ထဲ ဝင်နေရလောက်ပြီ။ ဒီကောင်တွေကို မုန်းရုံတင်မကပဲ မျိုးပါဖြုတ်ပစ်ချင်တာမို့ သူလည်း စစ်ထဲဝင်ခဲ့သည်။
တပ်ထဲဝင်ပြီးတော့ သူအပြင်းအထန် ကြိုးစားခဲ့သည်။ အခြားသူတွေထက်ကို နှစ်ဆလောက် ပိုကြိုးစားပြီး သူ့ရဲ့တိုက်ရည်ခိုက်ရည်ကို အဆင့်တက်အောင် လုပ်ခဲ့သည်။ ဒါကြောင့်လည်း ဂျပန်တပ်ထဲထိ စွန့်စွန့်စားစားနဲ့ သူလျှို သွားလုပ်ဖို့ အထက်က သူ့ကို ရွေးချယ်ခဲ့တာပေါ့။