[Zawgyi]
သူ့ပုခုံးပေါ်သို့ ပြိုလဲကျလာသည့် ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်ကို အမြန်ပွေ့ထိန်းလိုက်တော့ သာမန်ထက်ပိုနေသော ကိုယ်အပူချိန်ကြောင့် ဒီကောင်လေးဖျားနေပြီမှန်း သူသိလိုက်သည်။
"ဝမ်ရိပေါ်...ဝမ်ရိပေါ် သတိကပ်စမ်း"
သူ့လည်တိုင်တစ်ဝိုက်မှာ ရစ်သိုင်းလျက်ရှိနေသော လေငွေ့နွေးနွေးကြောင့် ရင်ထဲ၌ တစ်မျိုးလေးခံစားလာရသည်။
"ကျန့်ကော....သတိရနေခဲ့တာ"
ခပ်တိုးတိုးဆိုလာသည့် ဝမ်ရိပေါ်ရဲ့စကားကြောင့် သူ့မျက်နှာထက်မှာ အပြုံးရိပ်လေး ထင်ဟပ်သွားရကာ
"ငါ့ကိုချူ ပ်နေပြန်ပြီ...ဒီလူဆိုးလေးကတော့"
တစ်ကိုယ်တည်းကြားရုံမျှ ရေရွတ်ပြီးတာနှင့် ဝမ်ရိပေါ်ရဲ့လက်မောင်းအောက်သို့ လျှို ဝင်ကာ အိမ်ထဲသယ်သွားရန် ပြင်ရသည်။ အဖျားတက်နေသော ဝမ်ရိပေါ်ကို ဖြည်းဖြည်းချင်းသယ်ရင်း ကုတင်ပေါ်တင်ပြီးချိန်မှာ သူ့တစ်ကိုယ်လုံးမှာ ချွေးတွေက စိုရွှဲနေလေသည်။
"လေးလိုက်တာဝမ်ရိပေါ်ရာ"
ကုတင်ပေါ်၌ လဲနေသော ဝမ်ရိပေါ်ကို ရေပတ်တိုက်ပေး၊ အဝတ်အစားလဲပေးပြီးတာနှင့် ဆေးသွားယူဖို့ပြင်တုန်း သူ့လက်ကိုလှမ်းဆွဲလာသည့် ဝမ်ရိပေါ်ကြောင့် နောက်ကိုပြန်လှည့်ကြည့်လိုက်တော့
"မသွားပါနဲ့...ကျွန်တော့ကိုထားမသွားပါနဲ့ ကျန့်ကော"
ကယောင်ကတမ်းရေရွတ်နေသည့် ဝမ်ရိပေါ်၏ ဗလုံးဗထွေးစကားများက သူ့ရင်ကိုအခါခါ ရိုက်ခတ်နေသည်။
ဒီကောင်လေးက ဘာလို့များ သူ့ကို ဒီလောက်တောင် ချစ်နေနိုင်ရတာလဲ?
ဒီတစ်သက်မှာ ဝမ်ရိပေါ်လောက် သူ့ကို ချစ်ပေးနိုင်မဲ့သူဆိုတာ ရှိလာတော့မှာမဟုတ်လောက်ဘူး။ သူစိမ်းတွေ ဝေးလို့ သူ့မိဘတွေကတောင် သူ့ကို ချစ်ခဲ့ကြတာမှမဟုတ်ပဲ။ သူတို့အတ္တတွေနဲ့ ပုံသွင်းဖို့လောက်ပဲ သူ့ကို အသုံးချခဲ့ကြတာ။