[Zawgyi]
တကယ်တော့ ရှောင်းကျန့်ဆီ ပြန်လာနိုင်ဖို့အတွက်
သူ မနည်းကြိုးစားခဲ့ရသည်။ ကိုယ့်ဟာကိုယ်တော့ အသေပဲလို့ တွေးပြီး ခေါင်းတည့်တည့်ကို ပစ်ဖို့ ကြံရွယ်ခဲ့ပေမဲ့ ရုတ်တရက် လာဝင်လုံးတဲ့ ကျန့်ကောကြောင့်
ကျည်ဆန်က ဗိုက်ကိုပဲ ထိခဲ့သည်။ကျန့်ကောကို သတိမေ့အောင် လုပ်ပြီး ထမ်းပြေးသွားတဲ့ လူကိုကြည့်ရင်း သူ့ရင်တွေ နာကျင်ရသည်။ ရင်ဘတ်ထဲက နာကျင်မှုကြောင့် ဝမ်းဗိုက်ဆီက ဒဏ်ရာကိုတောင် သူအာရုံမရတော့ဘူး။
ဒီတစ်ခါလည်း သူ ကျန့်ကောကို လက်လွှတ်ရပြန်ပြီ။ ဘာပဲဖြစ်ဖြစ် ကျန့်ကောက သူ့ကို ရွေးချယ်ခဲ့ပေးလို့ ဖြေသာနိုင်ပါသေးသည်။
ရှောင်းကျန့်ကို ရင်နဲ့မဆန့်အောင် ချစ်တယ်။ ချစ်လွန်းလို့ ပါးစပ်ထဲ ထည့်ငုံထားချင်တဲ့အထိ မြတ်နိုးတယ်။ ဒီလူနဲ့ ဒီဘဝမှာ မပေါင်းဖက်ရရင်တောင် တစ်ခဏတာ နီးစပ်ခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်တွေးရင်း သူဖြေသိမ့်နိုင်ပါသည်။
သူကတော့ ဒီလိုနဲ့ပဲ ဇာတ်သိမ်းရတော့မှာပါဆိုပြီး ကိုယ့်ဘဝကိုယ်တွေးမိတဲ့ အခိုက်အတန့်မှာ သူမျက်လုံးမှိတ်ပြီး သေခြင်းတရားကိုပဲ စောင့်မျှော်နေလိုက်တော့တယ်။
မျက်စိကိုမှိတ်ကာ ဝမ်းဗိုက်က ဒဏ်ရာရဲ့ နာကျင်မှုကို ကြိတ်ခံစားနေတုန်း
"ရိပေါ်...ဝမ်ရိပေါ် သတိထားဦး"
သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ဆွဲထူလိုက်သလို ခံစားရတာကြောင့် မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်တော့ သူ့ကို စိုးရိမ်တကြီးနှင့် ကြည့်နေသည့် ယူးတို။
"ဘာလာလုပ်တာလဲ...အလောင်းလာကောက်ပေးတာလား"
သူနာနာကျင်ကျင်နှင့် ပြောမိတော့ ယူးတိုက ငိုလာသည်။ သူနဲ့ယူးတို သိလာတဲ့ ကာလတစ်လျှောက်မှာ အဲ့ဒီလူရဲ့ မျက်ရည်ဆိုတာကို တစ်ခါမှမမြင်ဖူးခဲ့တာမို့ သူအံ့ဩနေခဲ့တာတော့ အမှန်။