[Zawgyi]
ကောင်းကင်မှာ လမင်းကြီးက အစွမ်းကုန်လှနေပေတယ်။ ဆောင်းရာသီဝင်ခါစမို့ အရမ်းကြီး မချမ်းသေးပေမဲ့လည်း ဝရံတာမှာ ထွက်ထိုင်နေသော ရှောင်းကျန့်ကတော့ အနည်းငယ်တုန်ရီစပြုလာတာမို့ အခန်းထဲဝင်မည်အပြင် ပုခုံးပေါ်ရောက်လာသော ကုတ်အင်္ကျီတစ်ထည်နှင့်အတူ သူ့ဘေးမှာလာရပ်နေသော ဝမ်ရိပေါ်ကြောင့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ဘေးတစောင်းအနေအထားနှင့် မြင်နေရသော ဝမ်ရိပေါ်သည် လွန်ခဲ့တဲ့၉နှစ်က ကောင်လေးနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို ပြောင်းလဲသွားသည်။ အရင်က ကလေးရုပ်လေးနေရာမှာ ယောက်ျားပီသတဲ့ မေးရိုးထင်းထင်းတို့က အစားထိုးဝင်ရောက်လာပြီး တကယ့်ကို ယောက်ျားကြီးတစ်ယောက် ဖြစ်လာခဲ့ပြီ။
သူငေးကြည့်နေမိသည်ကို ဝမ်ရိပေါ်က သတိထားမိသွားကာ
"ဘာတွေအဲ့လောက်ကြည့်နေတာလဲ ကော"
"မကြည့်ပါဘူး"
"လိမ်နေပြန်ပြီ..ဒီလူကြီးကတော့"
သူ့အကြည့်တွေကို ဝမ်ရိပေါ်ဆီက ပြန်လွှဲလိုက်ပြီး ကောင်းကင်ကိုသာ ပြန်မော့ကြည့်နေလိုက်သည်။
ဝမ်ရိပေါ်က သူ့ကို စူးစိုက်ကြည့်နေမှန်းသိပေမဲ့ မသိချင်ယောင်ဆောင်ကာ ကောင်းကင်ကိုပဲ ဆက်မော့ကြည့်နေလိုက်တော့ ဘေးကဝမ်ရိပေါ်က သူ့နောက်ကိုရောက်လာပြီး ခါးတစ်ဝိုက်ကို တင်းကြပ်စွာ သိုင်းဖက်လာတာကြောင့်
"ဘာဖြစ်ပြန်ပြီလဲရိပေါ်"
ညာဘက်ပုခုံးပေါ်မှာ ဝမ်ရိပေါ်ရဲ့ ခေါင်းလုံးလေးက လာမှီနေတာကြောင့် သူ့လည်တိုင်တစ်ဝိုက်က နွေးထွေးလို့နေသည်။
"ကောကိုချစ်လွန်းလို့ ရူးတော့မယ်ထင်တယ်"
"ဟုတ်လား...ဒါဆို ကိုယ်ကအရူးတော့ မချစ်တတ်ဘူးနော်"