ကမ္ဘာပေါ်မှာ ချစ်ခြင်းနဲ့ဖွဲ့တည်တဲ့ ဇာတ်လမ်းပေါင်းများစွာရှိတယ်။ ဂန္တဝင်စာတင်ရလောက်တဲ့ ခမ်းနားတဲ့ချစ်ဇာတ်လမ်းတွေ ၊ ကြားလိုက်ရုံနဲ့ ဘေးလူတောင် မျက်ရည်ကြွေရလောက်တဲ့ ရင်နင့်ဖွယ်ချစ်ဇာတ်လမ်းတွေ ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ ပေါင်းဖက်ခွင့်ရတဲ့ အဆုံးသတ်လှတဲ့ ချစ်ဇာတ်လမ်းတွေ ... ။တစ်ယောက်တည်းချစ်ပြီး တစ်ယောက်တည်းရူးနေရတဲ့ သူ့ချစ်ဇာတ်လမ်းကိုတော့ ရိပေါ် ဘယ်အမျိုးအစားထဲ ဆွဲထည့်ရမလဲ မသိဘူး။ ချစ်လားမေးတိုင်း မချစ်ဘူးဖြေနေတဲ့ ဒီလူက သူ့အပေါ် ဘယ်လိုခံစားချက်မျိုးရှိသလဲ သူအဖြေထုတ်လို့ မရနိုင်ဘူး။
ရှောင်းကျန့်က သူ့အတွက် သူစိမ်းလည်း မဟုတ်။
ချစ်သူလားဆိုတော့လည်း လုံးဝချစ်သူပါရယ်လို့လည်း အမည်တပ်မရ။ သူ့ကိုပြန်မှ မချစ်တာ...။ဒီတော့ ရိပေါ်က ကိုယ့်ဘာသာ စိတ်ကြိုက်နာမည်ပေးတယ်။
ချစ်ဦးသက်လျာ...။
အသက်ကိုပင် လျာထားအပ်နှင်းလို့ မြတ်နိုးရပါသော ချစ်ဦးသူ ... ။
ဗနက်ဆာကတော့ ရိပေါ်ကို စိတ်ကူးယဉ်ဆန်လိုက်တာ ပြောတယ်။
လူတစ်ယောက်တည်းကို တစ်ဖက်သတ်ချစ်ခဲ့တဲ့ ကိုးနှစ်ဆိုတဲ့ အချိန်ကာလဟာ စိတ်ကူးယဉ်ဆန်တတ်ဖို့ လုံလောက်တာထက် ပိုတယ်မဟုတ်လား။
"ကျွန်တော့်ချစ်ဦးသက်လျာလေးက အိပ်နေတာလေးတောင် ရင်ခုန်စရာလေး ... ကျွန်တော်ချစ်လိုက်တာဗျာ"
စိတ်ရောဂါပါရဂူနဲ့ ကုထုံးလုပ်ပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို တစိမ့်စိမ့်ထိုင်ငေးပြီး ကားပေါ်ပြန်ရောက်တာနဲ့ ရိပေါ်ဆီက ကြားရမြဲစကား...။
ဗနက်ဆာကတော့ မျက်လုံးလှန်လို့ ခေါင်းခါတယ်။
"ဘော့စ်က ရောဂါရင့်သွားပြီ ... ကယ်လို့မရတော့ဘူး"
ရိပေါ်ကတော့ ချစ်ရသူဆီက အနွေးဓာတ်ကလေးကျန်နေဆဲ သူ့လက်ကို ပြုံးတုံ့တုံ့ ငုံ့ကြည့်တယ်။
အဲ့ဒီလူက တစ်သက်လုံးလက်မခံပဲရှောင်ပြေးနေခဲ့တဲ့ စိတ်ရောဂါကုထုံးတွေကို လက်ခံခဲ့တာ သူ့အတွက်တဲ့ ... ။
သူထွက်မသွားဖို့အတွက်တဲ့ ... ။