"သိပြီ...အခုချက်ချင်းထွက်လာခဲ့မယ်..."ဟောက်ရွှမ်းက ဖုန်းချပြီး laptopတစ်လုံးနဲ့ အလုပ်လုပ်နေတဲ့ ရှောင်းကျန့်ကို လှမ်းကြည့်လိုက်တယ်။
" ဆေးဂိုထောင်သွားစစ်ဖို့က ငါလိုက်လို့မရတော့ဘူး။ ဆေးသုတေသနဌာနဘက်မှာ မတော်တဆဖြစ်လို့ သွားကြည့်ရမယ်ထင်တယ်။မင်းဖာသာ သွားလို့အဆင်ပြေရဲ့လား"
ရှောင်းကျန့်က တပ်ထားတဲ့ မျက်မှန်ကို ကျော်ပြီး စူးစူးစိုက်စိုက်ကြည့်လာတာကြောင့် ဟောက်ရွှမ်းမလုံမလဲဖြစ်ချင်လာတယ်။
သုတေသနဌာနက ကိစ္စက သူ့အလုပ်မဟုတ်ပဲနဲ့ ကျိရန်က သုတေသနဌာနက ဆေးဝါးသုတေသနပညာရှင်ဖြစ်နေတာကြောင့် ထိများထိခိုက်သွားလား သွားစစ်ဆေးကြည့်ချင်တာ။"မင်းသွားချင်သွားလို့ရတယ် ငါအဆင်ပြေတယ်"
ရှောင်းကျန့်က laptop ဆီမျက်လုံးပြန်ရွှေ့သွားပြီး ခပ်အေးအေးပြောလာမှ ဟောက်ရွှမ်းလည်း အသက်ရှူရဲတော့တယ်။
ဘယ်လိုပဲ သူငယ်ချင်းအရင်းကြီးပဲဖြစ်နေနေ သူလည်း တခြားသူတွေလိုပဲ ရှောင်းကျန့်ကို စိတ်ထဲကကို ရှိန်နေတာ။ဟောက်ရွှမ်း ထွက်သွားပြီးမှ ရှောင်းကျန့် laptopကို ပိတ်လိုက်တယ်။
ကုတ်အင်္ကျီကို ကောက်ဝတ်လိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲကောက်ထည့်လိုက်တယ်။
ပြီးတာနဲ့ ကားသော့ဆွဲပြီး ကားပါကင်ကို ထွက်လာလိုက်တယ်။ကားပါကင်က ကားထုတ်လာပြီး မြေအောက်ထပ်ကားပါကင်ကအထွက်မှာ ရှေ့မှာပိတ်နေတဲ့ ကားကြောင့် ဖြေးဖြေးအရှိန်လျှော့လိုက်ရတယ်။
ရှေ့ကကားအထွက်ကိုစောင့်ရင်း မရည်ရွယ်ပါပဲနဲ့ လက်က နှုတ်ခမ်းတွေကို အသာထိလိုက်မိတယ်။လက်ရဲဇက်ရဲရှိလှတဲ့ သတ္တဝါလေးကိုက်သွားတဲ့ နှုတ်ခမ်းက ဒဏ်ရာကစပ်ဖျင်းဖျင်းရှိနေတုန်း...။
" ရိပေါ်...ဝမ် ရိ ပေါ်...."
ခပ်တိုးတိုး ရေရွတ်ရင်း အေးစက်စက်မျက်နှာပေါ်က နှုတ်ခမ်းပါးက ခပ်ယောင်ယောင်လေးကွေးတက်သွားတယ်။
ရုတ်တရတ် သူ့ဘေးကကားတံခါးက ဖျတ်ခနဲ ပွင့်သွားတယ်။
လှည့်ကြည့်လိုက်တော့ အပြင်က ကောင်လေးရဲ့ မျက်ဝန်းညိုလေးတွေနဲ့ အကြည့်ချင်းဆုံသွားတယ်။