မိုးကုန်ခါနီးပြီမို့ ကောင်းကင်က မှိုင်းရိပ်ဆင်လို့ အမြဲလိုလို အုံ့ဆိုင်းနေတယ်။ သစ်ပင်တွေထက်က သစ်ရွက်တွေက မိုးရေသောက်ရလို့ စိမ်းမြမြအရောင်နဲ့ ရွှန်းစိုလို့ ပတ်ဝန်းကျင်ကို အလှဆင်နေတယ်။မိုးမကြာခဏရွာတတ်တဲ့ အခြေအနေမို့ ရှောင်းကျန့်က အိမ်မှာပဲနေတဲ့ ရက်တွေများလာတယ်။
အိမ်မှာပဲနေတဲ့ ရက်တွေများလာတာနဲ့ အမျှ ခွေးပေါက်လေးတစ်ကောင်က သူ့ကို လိုက်ကပ်နေတဲ့ အချိန်တွေလည်း များလာတယ်။ရိပေါ်က ရှောင်းကျန့် စကားမှန်သမျှ တစ်သဝေမတိမ်းနားထောင်လို့ အမှန်တကယ်ကို လိမ္မာဖို့ ကြိုးစားနေတယ်။
ရှောင်းကျန့် မကြိုက်တဲ့ အရက် ဘီယာတွေကို ရိပေါ်က လက်နဲ့ မထိတော့သလို အတန်းလစ်တာလည်း မရှိသလောက် နည်းလာတယ်။
စာကြိုးစားနေတဲ့ကောင်လေးက သူ့ရဲ့ တက်လာတဲ့အမှတ်တွေကိုလည်း ရှောင်းကျန့်ကို အရင်ဆုံး ပြေးလာပြတတ်သေးတယ်။
"ကျွန်တော်တော်တယ်မလား "
"အင်း"
"ဒါဆို ဆုပေး"
"ဘာလိုချင်လို့လဲ"
"ကျွန်တော့်ကို ပေးနမ်း"
လက်ကိုင်ချင်တာကစလို့ နမ်းချင်တာအဆုံး ရှောင်းကျန့် ကြည်ဖြူမှဆိုပေမယ့် သူ့အခွင့်အရေးကိုအပြည့်အဝရအောင်တောင်းတတ်တဲ့ အကျင့်ကလေးကတော့ သေးသေးလေးတောင် ပြောင်းမသွားဘူး။
အတန်းသွားတက်ရတဲ့နေ့တွေကလွဲရင် မနက်စာစားချိန်က စပြီး အချိန်ရရင် ရသလို ရိပေါ်က ရှောင်းကျန့်ဘေး အကြောင်းပြချက်မျိုးစုံနဲ့ လိုက်ကပ်နေတာ။
ညဘက်ဆိုရင်လည်း ခေါင်းအုံးတစ်လုံးပိုက်လို့ ရှောင်းကျန့်အခန်းရှေ့ မျက်နှာငယ်လေးနဲ့ ခွင့်တောင်းတတ်သေးတာ။
"ကျွန်တော် အိပ်မက်ဆိုးတွေမက်နေလို့ ဦးနဲ့ အတူ ပေးအိပ်ပါလား"တဲ့။
အဲ့လိုနဲ့ ခွင့်ပြုလိုက်ရာက တစ်ညကနေ နှစ်ည ၊
နှစ်ညကနေ သုံးညနဲ့ တဖြည်းတဖြည်းတိုးလာပြီး ညတိုင်း ခေါင်းအုံးပိုက်လို့ ရောက်လာတော့တာပဲ။