ယွီလီက သတင်းဌာနသေးသေးလေးက သတင်းထောက်တစ်ယောက် ဖြစ်တယ်။
သူမက အခု အထပ်မြင့်အဆောက်အဦးကြီးတစ်ခုရဲ့ ဧည့်ကြိုကောင်တာတစ်ခုနားမှာ ထိုင်နေတယ်။
ဝန်ထမ်းပေါင်းများစွာ ဝင်ထွက်သွားလာနေတဲ့ ဒီအဆောက်အဦးကြီးက အထပ်တိုင်း ကြမ်းပြင်ကစ ဖိတ်ဖိတ်လက်လို့ ... ။ဘယ်နေရာကြည့်ကြည့် ခေတ်မှီလွန်းပြီး ခမ်းနားတယ်ဆိုတာကလွဲရင် စကားလုံးရှာလို့မတွေ့ဘူး။
နိုင်ငံတကာမှာ ရုံးခွဲပေါင်းများစွာဖွင့်လှစ်ထားပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းစုကြီးအနေနဲ့ ဒီလောက်တော့ ရှိမှာပေါ့လို့ပဲ ပြန်တွေးရတယ်။
ဘယ်သူဘယ်ဝါဆိုတာ သေချာထုတ်ဖော်ပြောကြားမရှိသလို လူကြားလည်း သိပ်ထွက်မလာတဲ့ ဒီလုပ်ငန်းစုရဲ့လျို့ဝှက်လှတဲ့ဥက္ကဌအကြောင်းက Media တွေကြားမှာတော့ ပြောစရာတစ်ခုပဲ ။
ဥက္ကဌအဖြစ် တာဝန်ယူပြီး လေးနှစ်အတွင်းမှာ ကမ္ဘာ့အဆင့်လုပ်ငန်းစုကြီးတစ်ခု ဖြစ်လာအောင် ဆောင်ရွက်ခဲ့တယ်။ ကမ္ဘာ့စတော့ဈေးကွက်ထိပ်ပိုင်းမှာ နေရာယူထားနိုင်ပြီး Wall Street ထိပါ ကြီးစိုးထားတယ်။
ဘယ်ကပေါက်ကြားမှန်းမသိပေါက်ကြားလာတဲ့ သတင်းအရ ဒီအောင်မြင်လှတဲ့လုပ်ငန်းစုကြီးရဲ့ ဥက္ကဌဟာ အသက်၃၀တောင်မပြည့်သေးဘူး တဲ့...။
အဲ့ဒီသတင်းစထွက်လာတုန်းက Mediaတွေက ရေဖြန်းခံလိုက်ရတဲ့ ပုရွက်ဆိတ်အုံလိုပဲ။ ငယ်ရွယ်သလောက် ထူးချွန်လွန်းတဲ့ အဲ့ဒီဥက္ကဌကို အင်တာဗျူးနိုင်ဖို့ အပြိုင်အဆိုင် ရုံးချုပ်အဆောက်အဦးရှေ့ခြေကျင်းလိမ်နေကြတာ။
ဒါပေမယ့် အဲ့ဒီအမျိုးသားက ဘယ်အင်တာဗျူးကိုမှ လက်မခံ။ ဝင်ပေါက်တင်တားဆီးခံရတဲ့ သတင်းထောက်တွေလည်း မနည်း။ ဘယ်သတင်းဌာနကနေမှ ဓာတ်ပုံတစ်ပုံတောင်မထုတ်ရဲတဲ့အထိလည်း သူက သြဇာကြီးပါသေးတယ်။
အခြေသတင်းကြီးလှတဲ့ အဲ့ဒီဥက္ကဌက ဘာလို့ သူမလို မထင်မရှားသတင်းထောက်သေးသေးလေးဆီက အင်တာဗျူးဖို့ကမ်းလှမ်းတာကို လက်ခံလိုက်တာလဲကိုတော့ သူမလည်း နားမလည်နိုင်ဘူး။