တစ်လလုံးလုံး ပြိုလဲနေခဲ့တဲ့ ဝမ်ရိပေါ်က ဒုတိယမြောက်လမှာ ကုမ္မဏီအလုပ်ကို ပြန်ဝင်တယ်။
လွမ်းလေသမျှ အလုပ်တွေ ဖိလုပ်တယ်။ခဏလေးဖြစ်ဖြစ် အားသွားတဲ့အချိန်မှာ သူ့အတွေးတွေက ရှောင်းကျန့်ဆီ ပြေးတယ်။
ရှောင်းကျန့် ဘာကြောင့် သူ့ကို ဒီလို လုပ်ရသလဲဆိုတဲ့ မေးခွန်းဟာ ဒီရက်ပိုင်း သူထပ်ခါထပ်ခါတွေးမိနေတဲ့ အကြောင်းပဲ ဖြစ်တယ်။
သူ့အပေါ် ဒီလူ့အပြုအမူတွေဟာ ဘယ်တုန်းကမှ အတုအယောင်မဆန်ခဲ့...။
Niel က သိပ်ကို ကြီးကျယ်ပါတယ် ဆိုရင်တောင် အရာရာပြီးပြည့်စုံပြီးသား ရှောင်းကျန့်အတွက် မက်မောလောက်စရာ မဟုတ်သေးဘူးမလား။
ဒီလူ သူ့ကို လိမ်ပြန်ပြီလား!
ဒါပေမယ့် Niel အတွက်မှ မဟုတ်ဘူးဆိုရင်လည်း ရှောင်းကျန့်ရဲ့ သူ့အပေါ် လုပ်ရပ်တွေအတွက် သူ့မှာ အဖြေမရှိပြန်ဘူး။
ပိုင်ဆိုင်ရချိန်မှာ ဘာစဉ်းစားနေသလဲ နားလည်ရခက်ပြီး ဆုံးရှုံးလိုက်ရချိန်မှာလည်း ဘာကြောင့်ရယ် ခန့်မှန်းရခက်တာဟာ အဲ့ဒီလူပဲ ဖြစ်တယ်။
နက်နဲလွန်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တွက်နေရသလိုပဲ...။
အဖြေရှာလေ လမ်းပျောက်လေ...။စီးကရက်ကို လက်ကြားညှပ်ပြီး ဦးတည်ရာမဲ့ ငေးမောခဲ့တဲ့ညတွေမှာ အတွေးဖြစ်ခဲ့ဆုံးအရာဟာလည်း ရှောင်းကျန့်ပဲ ဖြစ်တယ်...။
တွေးကြည့်ရင် အဓိပ္ပာယ်တော့မရှိဘူး။
သူ့ကို မချစ်ဘူးဆိုတဲ့ သူတစ်ယောက်က ဘာလို့ သူ့ကြောင့်နဲ့ စိတ်ရောဂါဖြစ်ခဲ့လဲ။
ဘာလို့ သူထိခိုက်မှာကို စိုးရိမ်လဲ။
သူနဲ့ အတူရှိဖို့အတွက်နဲ့ ခက်ခဲတဲ့ စိတ်ရောဂါကုထုံးတွေကို လက်ခံလဲ။အသုံးချပြီး လွှင့်ပစ်ရုံ သက်သက်ဆို ဒီလောက်လုပ်ဖို့ မလိုဘူးမလား!
အရာရာမှာ ထက်မြက်နေသလောက် ရှောင်းကျန့်နဲ့ ပတ်သတ်လာရင် ထုံထိုင်းသွားတတ်တဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းဟာ သူ့အဓိကပြဿနာ...။
သူ့ကို မျက်နှာတစ်ချက်အပျက်မခံတတ်တဲ့ ဒီလူက မပြောစဖူး နာနာကျင်ကျင်တွေ ပြောပြီး တွန်းထုတ်လိုက်တာကို သူက အပြိုပြိုအလဲလဲနဲ့ လှည့်ထွက်လာတယ်တဲ့...။