ကိုယ့်ထက် အသက်အများကြီးကြီးတဲ့ အမျိုးသားတစ်ယောက်ကို ချစ်ရတာဟာ မူကြိုကလေးတစ်ယောက်က တက္ကသိုလ်စာကို သင်ဖို့ ကြိုးစားနေရသလိုပဲ...။အရာရာကို တစ်လုံးတစ်ပါဒမှ နားမလည်ဘူး။
မျက်နှာအမူအယာတစ်ချက်ပျက်ယွင်းတာကစလို့ မဲ့ပြုံးတစ်ချက်အဆုံး ဒီလူ့အကြောင်းမှန်သမျှ အရာရာကို အထူးပြုလေ့လာနေပေမယ့် ရှောင်းကျန့်ရဲ့ အတွေးတွေကို ရိပေါ်ဘယ်လိုမှ လိုက်မမှီနိုင်သေးဘူး။
ဒီလူ့ရဲ့ မှန်းရခက်တဲ့စိတ်ကို ဖတ်ရတာဟာ သိပ်ခက်လှတယ်။
လက်ထဲ တင်းတင်းကိုင်ထားမိတဲ့ ရှန်ပိန်ခွက်က အက်ရာတွေ စထင်လာတယ်။
ရိပေါ်က ဒါရိုက်တာအဖွဲ့မှာ ပါတာမို့ နှစ်ပတ်လည်ပါတီမတက်ရင် မျက်နှာပျက်ရမယ်ဆိုပြီး Venexa က အတင်းဆွဲခေါ်လို့ ရောက်လာရင်းက ဒီလူနဲ့ တည့်တည့်တိုးတာဖြစ်တယ်။
ရဲစခန်းက လိုက်လာခေါ်ပြီးတဲ့နောက်မှာ မပြောမဆိုနဲ့ အိမ်ကို တစ်ပတ်လောက်ပြန်မလာတော့တဲ့အခါ နေမရထိုင်မရနဲ့ သူ့မှာ တစ်ယောက်တည်း ကမ္ဘာပျက်ရတယ်။
ဟိုသည်အရူးတစ်ပိုင်းလိုက်ရှာတော့ နိုင်ငံခြားကို အလုပ်ကိစ္စရောက်နေကြောင်း ဟောက်ရွှမ်းကောဆီက ပြန်သိရတယ်။သူ့ကို အသိပေးဖော်မရပဲ မပြောမဆို ပျောက်သွားတာကို ရိပေါ်နားလည်ပေးနိုင်တယ်။
ဘယ်အချိန်ပြန်လာမယ်မသိရပဲ အဆက်အသွယ်လည်းတစ်ချက်မှ မလုပ်လို့ နေ့တိုင်း ဘာကိုမှ စိတ်မဝင်စားနိုင်ပဲယောင်ချာချာနဲ့ ဖုန်းပဲထိုင်မျှော်နေရခြင်းကိုလည်း မငြိုငြင်ရက်...။ဒါပေမယ့် နှစ်ပတ်လည်ပါတီမှာ တခြားမိန်းမတစ်ယောက်ကို လက်ချိတ်လို့ ပြန်ပေါ်လာတာကိုတော့ သူ့နားလည်ပေးနိုင်ခြင်းတွေကို ဘယ်အမှတ်ထိတိုးလို့ သူတွေးပေးရမလဲ ။
ကိုယ်ကပဲ တစ်ဖက်သတ်ချစ်ပြီး ခက်ခက်ခဲခဲစတင်ခဲ့ရတဲ့ ဆက်ဆံရေးမို့ လူကြားသူကြားမှာ ဒီလူ့လက်ကို ခပ်ရဲရဲဆွဲခွင့်ရှိဖို့အထိ သူမမျှော်လင့်ရဲ...။
ဒါပေမယ့် သူဆွဲခွင့်မရတဲ့ လက်တစ်ဖက်ကို တစ်ပါးသောအမျိုးသမီးက ပိုင်စိုးပိုင်နင်းချိတ်တွယ်ထားတာကို မြင်နေရတာကတော့ အဆင်မပြေလှဘူး။