"ကျန့်ကျန့်ရေ...ကျန့်ကျန့်..."
မိုးတွေ သည်းသည်းမည်းမည်းရွာချလာတာမြင်တာနဲ့ ဆရာမပြန်လွှတ်မပေးမချင်း ငိုယိုသောင်းကျန်းလို့ အိမ်ပြန်ပြေးလာတဲ့ကလေးလေးက အိမ်ရောက်တာနဲ့ ကျောပိုးအိတ်နဲ့ထီးကို လွှတ်ပစ်လို့ အိမ်ထဲကို အလောတကြီး ပြေးဝင်လာတယ်။
မိုးတွေရွာနေပြီ ကျန့်ကျန့် ငိုနေလိမ့်မယ်...!
"ကျန့်ကျန့် ဘယ်မှာလဲလို့ ... ကျန့်ကျန့်ရေ
သားလာပြီလေ ..."လှေကားထိပ်နားမရောက်တရောက်မှာ တုန်ယင်နေတဲ့ အမျိုးသားလေးဟာ ငုတ်တုတ်ထိုင်ချလို့ မျက်စိမှိတ်နားတွေကို ပိတ်ထားတယ်။ သူ့ဘေးနားပတ်လည်မှာ ရုတ်တရတ်မိုးထခြိမ်းလို့ လန့်ပြီး လွတ်ကျသွားတဲ့ ကော်ဖီခွက်အကွဲအပိုင်းအစတွေ ရှိနေတယ်။
"ကျန့်ကျန့်..."
ကလေးလေးက လှေကားပေါ်က အမျိုးသားလေးကို လှမ်းမြင်လိုက်တာနဲ့ လှေကားပေါ်ကို ပြေးတက်လာတယ်။
"ကျွန်တော်မဟုတ်ဘူး... ကျွန်တော် ... ကျွန်တော် မလုပ်ပါဘူး..."
"ကျန့်ကျန့်ရေ...သားလေ...သားပါ"
ကလေးလေးက တအီအီရှိုက်ငိုရင်း လူငယ်လေးရဲ့ တုန်ယင်နေတဲ့လက်တွေကို အသာသွားကိုင်တယ်။
"လွှတ် ... လွှတ်... ကျွန်တော့်ကိုလွှတ်ပေးပါ..."
အသိလွတ်နေတဲ့ လူငယ်လေးက လက်တွေကို အတင်းရုန်းတယ်။
"ကျန့်ကျန့်ရေ သားပါလို့ ... သားရှိတယ်...ကျန့်ကျန့်မကြောက်နဲ့တော့လို့ "
"ကျွန်တော့်ကိုလွှတ်ပါ...ကျွန်တော်လိမ္မာပါ့မယ်..."
ငိုနေတဲ့ ကလေးငယ်လေးက သူ့လက်သေးသေးလေးတွေနဲ့ချုပ်ဖို့ ကြိုးစား ၊ လူငယ်လေးက ရုန်းကန်နဲ့ လှေကားထိပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်။
"ကျန့်ကျန့်..."
"ကျွန်တော့်ကို လွှတ်လို့ ပြောနေတယ်!!"
လူငယ်လေးက အတင်းဆောင့်ရုန်းလိုက်တဲ့အခါ ကလေးငယ်လေးက ခြေချော်လို့ လှေကားထက်က ဒလိမ့်ခေါက်ခွေးပြုတ်ကျတယ်။