တောင်ပေါ် မြို့လေးက အုံ့ဆိုင်းဆိုင်း သစ်ပင်တွေနဲ့ အေးချမ်းတယ်။
လူခြေနည်းတဲ့ မြို့လေးမို့ အတော်လေးလည်း တိတ်ဆိတ်တယ်။သူတို့သွားရမယ့် မိဘမဲ့ကျောင်းလေးက မြို့အစွန်မှာရှိတယ်။ လမ်းတစ်လျှောက်မှာ တောင်ပေါ်မြို့ရဲ့ သင်္ကေတ ချယ်ရီပင်တွေ အစီအရီရှိနေတယ်။ ပန်းပွင့်တဲ့ရာသီမဟုတ်လို့ ပန်းမရှိပေမယ့် သစ်ရွက်စိမ်းတွေ ဝေနေတယ်။
တိမ်ထူထူတွေဖုံးလွှမ်းတဲ့ ကောင်းကင်ဟာ မှုန်ရီမှိုင်းဝေဝေ...။
ပြိုမယောင် ဟန်ချီနေတဲ့ မီးခိုးရောင်တိမ်တောင်တွေကြောင့် ရိပေါ်က မိုးရွာမှာကို တွေးပူတယ်။
မိုးကိုကြောက်တဲ့ အဲ့ဒီလူကို ချစ်ပြီးကတည်းက ရိပေါ်က ရာသီဥတုတွေထဲ နွေနဲ့ ဆောင်းကိုပဲ ရှိစေချင်တော့တာ...။
သူကသာ စိတ်ပူနေပေမယ့် ကားလမ်းဘေးက ခပ်စိမ်းစိမ်းသစ်ပင်ပုလေးတွေကို ငေးကြည့်နေတဲ့ သူ့ချစ်ခြင်းတည်ရာလေးကတော့ အတော်လေး စိတ်ကြည်လင်နေပုံရတယ်။
နယ်မြို့ကလေးရဲ့ ရှုခင်းလေးကို ငေးလိုက် သူ့မျက်နှာတစ်ချက်လှမ်းကြည့်လိုက်နဲ့ အကြည့်ချင်းဆုံရင် ခပ်ပါးပါးပြုံးလေးတွေကို ရက်ရက်ရောရာ စွန့်ကြဲတယ်။
ရှောင်းကျန့် တိတ်ဆိတ်နေရင် ငြိမ်ငြိမ်လေးငေးနေတတ်တဲ့ ရိပေါ်က ရှောင်းကျန့်ပြုံးလာတော့လည်း နူးနူးညံ့ညံ့ငေးရတာပါပဲ...။
တီတီတာတာချစ်စကားမဆိုတတ်တဲ့ တည်တည်ငြိမ်ငြိမ်အမျိုးသားကို ချစ်မိကတည်းက ရိပေါ်က ငေးကြည့်ရခြင်း အချစ်နဲ့ ရင့်ရင့်ကျက်ကျက်ကလေး ချစ်တတ်ဖို့ သင်ယူခဲ့တာ...။
ရိပေါ်က ရှောင်းကျန့်မျက်ဝန်းတွေကို တမေ့တမော စိုက်ကြည့်နေရတာကို သိပ်သဘောကျတယ်။ ထုတ်ပြလေ့မရှိတဲ့ ဒီအမျိုးသားရဲ့ သူ့အပေါ် သဘောထားကို မျက်ဝန်းတွေက တစ်ဆင့်ပဲ သိနိုင်တာမို့လို့...။
...
ခရီးပန်းလာကြတာမို့ စစ္စတာကြီးကို သွားနှုတ်ဆက်ပြီးတာနဲ့ တစ်ဖွဲ့လုံး နားဖို့ အရင်ပြင်လိုက်တယ်။