"ကျန်းချန်...ရိပေါ်ကို တွေ့မိလား""ဟိုဘက်သွားတယ်ထင်တယ် အစောလေးကတောင် ဒီမှာရှိသေးတယ်"
မနက်မိုးလင်းကတည်းက ရိပေါ်က ရှောင်းကျန့် အနားကို တစ်ချက်မလာဘူး။ စကားလည်းများများစားစား မပြောသလို မျက်နှာလေးက ပုံမှန်ထက် တည်နေတယ်။
ကလေးတွေအတွက် မုန့်ဝေပေးတဲ့နေရာမှာလည်း ရှောင်းကျန့်နဲ့ ခပ်လှမ်းလှမ်းမှာပါပဲ နေတယ်။ အဝတ်အစား ၊ အရုပ်နဲ့ ကျောင်းသုံးပစ္စည်းတွေ ဝေပေးနေတဲ့အချိန်မှာလည်း သူနဲ့ ဝေးဝေးရပ်တယ်။
ပုံမှန်နဲ့ လုံးဝမတူနေတဲ့ကောင်လေးက ဒီတစ်ခါ စိတ်ဆိုးနေရုံလောက် မရိုးရှင်းဘူးလို့ ရှောင်းကျန့် ခံစားမိနေတယ်။
တကယ်ပဲ ဒီကလေးလေး ဘာတွေဖြစ်နေတာလဲ!
...
ရှောင်းကျန့် ကလေးတွေကို ညနေစာကျွေးဖို့ ကူညီပေးပြီးတော့ ကလေးတွေကို ကျောင်းနဲ့ ခပ်လှမ်းလှမ်း တောအုပ်စပ်က ကစားကွင်းသေးသေးလေးကို လိုက်ပို့ပေးလိုက်တယ်။
ရှောင်းကျန့်က ကလေးတွေနဲ့အတူရှိရတာ သိပ်သဘောကျတယ်။
သူက လူတွေရှေ့မှာဆိုရင် အမြဲလိုလို အေးစက်ခက်ထန်တဲ့ မျက်နှာဖုံးကို တပ်ဆင်ထားရတယ်။ မရက်စက်တတ်ပဲ ရက်စက်တတ်ချင်ယောင်ဆောင်ရတယ်။ ဂရုဏာသက်ချင်လျက်နဲ့လည်း ပြတ်သားပြရတယ်။
အတွင်းစိတ်အမှန်ကို မြင်ခွင့်ပေးရင် လူတွေက အားနည်းတယ်အမှတ်နဲ့ နင်းခြေဖျက်ဆီးတတ်လွန်းလို့...။
သူအစစ်မှန်ဆုံးပုံစံနဲ့ နေခွင့်ရတာ ရိပေါ်နဲ့ ကလေးတွေရှေ့ပဲ ရှိတယ်။ သူ့စိတ်ကြိုက်ပြုံးနိုင်တယ်။ ငိုနိုင်တယ် ။သူ့အကာအရံတွေအားလုံးကို ဘေးဖယ်ထားနိုင်တယ်။ သူ့ကို ထိခိုက်အောင်မလုပ်ဘူးဆိုတာ သေချာနေတာမိို့လို့...။
သူဟိုသည်တွေးနေတုန်း ရုတ်တရတ် မှောင်တက်လာတဲ့ကောင်းကင်က မိုးရွာတော့မယ့် အရိပ်အယောင်တွေပြလာတာမို့ ကလေးတွေခေါ်ပြီး ပြန်ဖို့ပဲ လုပ်လိုက်တယ်။
ကလေးတွေ မိုးမိလို့မဖြစ်သလို သူလည်း မိုးသံတွေ ၊ မိုးခြိမ်းသံတွေ ကြားရတဲ့နေရာမှာ နေလို့ မဖြစ်ဘူး မဟုတ်လား။