စာကြည့်ခန်းထဲမှာ ဒီအတိုင်း ဘာမှမလုပ်ပဲ သူထိုင်နေခဲ့တာ နာရီပေါင်းများစွာ ကြာပြီ။
သူ့ရှေ့မှာတော့ အနက်ရောင်ဒိုင်ယာရီလေးတစ်အုပ်...။
သူသိပ်ဖတ်ချင်သလို ဖတ်လည်းမဖတ်ချင်ဘူး။
သိလာရမယ့် အမှန်တရားတွေကို သူကြောက်တယ်။ တချို့ဖြစ်ရပ်တွေမှာ မသိခြင်းတွေဟာသာ မှန်ကန်တဲ့ အဖြေဖြစ်နေတတ်တယ်။
ဒါပေမယ့် သူမဖတ်ဖြစ်ခဲ့ရင် သူနောင်တရလိမ့်မယ်လို့လည်း ဘာလို့မှန်းမသိ သူခံစားမိနေတယ်။
ကိုယ့်စိတ်နဲ့ကိုယ် လွန်ဆွဲနေရတာ အချိန်အတော်ကြာ...။
နောက်ဆုံးတော့ အသက်ဝဝရှုရင်း အနက်ရောင်ဒိုင်ယာရီလေးကို ဖွင့်လိုက်တယ်။
အဝါဘက်တောင်ပြောင်းချင်နေတဲ့ စာရွက်တွေဟာ ဒီဒိုင်ယာရီလေးဟာ ဆယ်စုနှစ်တစ်ခုစာ အိုဟောင်းနေပြီဖြစ်ကြောင်း သက်သေ...။
ပထမစာကြောင်းတစ်ကြောင်းကို ဖတ်လိုက်မိတယ်ဆိုရင်ပဲ ဒီဒိုင်ယာရီဟာ ရှောင်းကျန့်က သူ့နဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တိုင်းကို မှတ်တမ်းတင်သိမ်းဆည်းထားဖို့သက်သက်ပဲ ရေးထားခဲ့မှန်း သိလိုက်ရတယ်။
****
****June 12,2001
ဆယ့်ခြောက်နှစ်ကြာရှင်သန်နေထိုင်ခဲ့တဲ့ ခြောက်ကပ်ကပ် ကျွန်တော့်ဘဝကို ကျွန်တော့်လက်နဲ့ အဆုံးသတ်ပစ်လိုက်တဲ့ ဒီနေ့မှာ ကျွန်တော်ဟာ သူနဲ့ စတွေ့ခဲ့ပါတယ် ... ။
... ... ...
လူတွေရဲ့ သူ့ကို ရွံရှာသလိုကြည့်တဲ့ မျက်လုံးတွေ ၊ သူမလုပ်ခဲ့ပါပဲ လူသတ်တရားခံလို့ တထစ်ချယူလိုက်ခြင်းတွေ ၊ ခပ်စိမ်းစိမ်းကြည့်လို့ လက်ညှိုးထိုးရင်း မကြားတကြားဆိုကြတဲ့အတင်းစကားတွေ ၊ပြီးတော့ သူဘာပြောပြောနားပိတ်ခေါင်းခါတဲ့ လူတွေရဲ့မယုံကြည်ပေးမှုတွေ... ပြေးစရာထွက်ပေါက်က ပိတ်လာတယ်။ အသက်ရှုရခက်လာတယ်။
မွန်းကြပ်လာတယ်။ပါးအဖို့ လုံးဝအရေးမပါတဲ့ သားတစ်ယောက်ဖြစ်ခဲ့တဲ့ သူ့အတွက် တစ်ခုတည်းသော အားကိုးရာဟာ မားဖြစ်တယ်။ ဒါပေမယ့် မားကလည်း ထွက်သွားခဲ့ပြီ။