"ကျန့်ကျန့်ရေ ... ကျန့်ကျန့် ... သားရောက်လာပြီ..."
ကားပေါ်က ဆင်းတာနဲ့ နာမည်တစ်လုံးကို တကြော်ကြော်အော်ခေါ်ရင်း ခြေတံတိုလေးတွေတုတ်တုတ်နဲ့ အိမ်ထဲဝင်ပြေးလာတဲ့ ကလေးလေးကို တစ်စုံတစ်ယောက်က ဆီးကြိုပွေ့ချီတယ်။
"အကြီးကို မလေးမစားနဲ့ ... ဘာကျန့်ကျန့်လဲ
ဘယ်လိုခေါ်ရမယ်လို့ မားသင်ထားလဲ ..."မားက လှမ်းဟောက်တဲ့အခါ ရိပေါ်က နှုတ်ခမ်းလေးမဲ့လို့ မျက်နှာငယ်လေးနဲ့ အသနားခံတယ်။
"ကျန့်ကျန့် ... မားက သားကို ဆူပြန်ပြီ...မားကဆိုးတယ် ... သားကို မားဆီက အပိုင်တောင်းထားလိုက်တော့ ... "
"တယ် ... ဒီကလေးတော့ ..."
"ရပါတယ် မားရဲ့... အရင်ကတည်းက ကျွန်တော့်ကို ဒီလိုခေါ်နေကြပဲကို..."
ပြောပြီးတာနဲ့ အဲ့ဒီလူက ရိပေါ်ရဲ့ ပါးဖောင်းဖောင်းတွေကို တရွှတ်ရွှတ်နမ်းတယ်။
"အားဝမ်လေးကြိုက်တဲ့ ရေခဲမုန့်တွေ ကျန့်ကျန့်ကအများကြီးဝယ်ထားတယ်... သွားစားကြမယ်... ကဲ လေယာဉ်ကြီးစထွက်ပါပြီ..."
အဲ့ဒီလူက သူ့ကို ခါးကနေမြှောက်ပြီး ပြေးတော့ ရိပေါ်က လက်လေးတွေဆန့်တန်းလို့ လေထဲမှာ ယက်ကန်ယက်ကန်နဲ့ တခစ်ခစ်ရယ်မောတယ်။
"ကျန့်ကျန့် မြန်မြန်... မြန်မြန်..."
မျက်နှာကို လေတိုးတဲ့ အထိအတွေ့ ... သူ့ကို မြှောက်ချီထားတဲ့ လက်နှစ်ဖက်ရဲ့ နွေးထွေးမှု...။
ရင်းနီးနေတဲ့အငွေ့အသက်တွေနဲ့ ဒီလူက သူ့အတွက် အရေးပါတဲ့ တစ်စုံတစ်ယောက်ဖြစ်ပါလိမ့်မယ်။...
Laptopတစ်လုံးနဲ့ အလုပ်များနေတဲ့ လူတစ်ယောက်ရဲ့ ပေါင်ပေါ်ထိုင်လို့ ရေခဲမုန့်တွေကို နှုတ်ခမ်းတစ်ဝိုက်ပေပွနေအောင် စားနေတဲ့ ရိပေါ်က ညစ်ပတ်အိုးလေး...။
"အားဝမ်ရေ ပေပွနေတာပဲကွာ..."
လုပ်နေလက်စကိုချလို့ ပေပွနေတဲ့ ရိပေါ်နှုတ်ခမ်းတစ်ဝိုက်ကို လက်ကိုင်ပဝါအဖြူလေးနဲ့ ဂရုတစိုက်သုတ်ပေးတဲ့ အထိအတွေ့ဟာ ညင်ညင်သာသာ...။