ဆောင်းရာသီရဲ့ မြောက်ပြန်လေခပ်အေးအေးဟာ ဖွင့်ထားတဲ့ပြတင်းကတစ်ဆင့် အဖြူရောင် ဇာအခန်းစီး ခပ်ပါးပါးကို တဖြတ်ဖြတ်လူးလွန့်အောင် တိုက်ခတ်လို့ အခန်းထဲ ဝင်ရောက်လာတယ်။အေးမြတဲ့လေပြေရဲ့ အထိအတွေ့က ရှောင်းကျန့်ကို အိပ်မောကျနေရာကနေ နိုးလာစေတယ်။ နိုးနိုးချင်း ပထမဆုံး အသိကတော့ သူ့တစ်ကိုယ်လုံး လစ်လပ်တဲ့နေရာမရှိ ကိုက်ခဲနေတယ်။လူကလည်း ဖျားချင်နေပြီ။
လှဲနေရာက မထသေးပဲ အခန်းထဲကို ဝေ့ကြည့်တော့ အခန်းထဲမှာ သူတစ်ယောက်ထဲပဲ ရှိနေတာကို သိလိုက်ရတယ်။ သူ့ဘေးက လစ်လပ်နေတဲ့နေရာကို ကြည့်ရင်း ရင်ထဲမှာ အထီးကျန်မှုကို ခပ်ပါးပါး ခံစားလိုက်ရတယ်။
ပုစွန်ဆီရောင်သန်းတဲ့ ခပ်ရဲရဲနေရောင်ဟာ အခန်းထဲကို ဖြာကျနေပြီး ပြတင်းအပြင်က သစ်ကိုင်းတွေရဲ့ အရိပ်ကို နံရံပေါ် ထင်ဟပ်နေစေတယ်။
ရောင်စဉ်ခုနှစ်ဖြာနဲ့ ဖွဲ့စည်းထားတဲ့ နေရောင်ဟာ ကမ္ဘာ့လေထုကို ဖြတ်သန်းတဲ့အခါ လှိုင်းအလျားတိုတဲ့ရောင်စဉ်တွေက လေထုထဲမှာ ပျံ့နှံ့သွားပြီး အဝါရောင်ရောင်စဉ်လှိုင်းကိုပဲ မြင်ရစေတယ်။
နေမင်းက နေရောင်ကျရောက်ရာနေရာနဲ့ တဖြည်းဖြည်း ဝေးသွားတဲ့အခါမှာတော့ ရောင်စဉ်ခုနှစ်ဖြာထဲမှာ လှိုင်းအလျာအရှည်ဆုံးဖြစ်တဲ့ အနီရောင်တစ်မျိုးပဲ ကျန်ရစ်တယ်။ ဒါကြောင့် နေထွက်ချိန်နဲ့နေဝင်ချိန်တွေမှာ နေရောင်ဟာ အနီရောင်သန်းနေတာဖြစ်တယ်။
အခန်းထဲမှာ ကျရောက်နေတဲ့နေရောင်ဟာ ခပ်ရဲရဖြစ်တာမို့ နေဝင်ခါနီးပြီဖြစ်ကြောင်း အလိုလို သိလိုက်ရတယ်။
သူတစ်နေကုန်နီးပါး အိပ်ပျော်သွားတာပဲ!
လက်တစ်ချောင်းတောင်မလှုပ်ပဲ ဒီအတိုင်းလေး ဆက်လှဲနေလိုက်ချင်ပေမယ့် ဟာနေတဲ့ သူ့အစာအိမ်က ခွင့်မပြုဘူး။
ရေချိုးပြီး တစ်ခုခုရှာစားဖို့ ထလိုက်တဲ့အထမှာ ခံစားလိုက်ရတဲ့ ခါးအောက်ပိုင်းဆီက စူးရှရှနာကျင်မှုရယ် မခိုင်တော့တဲ့ ခြေထောက်တွေကြောင့် ကြမ်းပြင်ပေါ် မှောက်လျက်သား ပြုတ်ကျတယ်။