unicode
အပိုင်း - ၁၂
အိပ်ယာမှ သူ နိုးလာသည့်အချိန်တွင် နေ့တစ်ဝက်ပင် ကျိုးနေခဲ့ပြီ။ စောင်ကိုခွာပြီး ခုတင်ခေါင်းရင်းတွင် ခေါင်းအုံးကိုမှီပြီး ခပ်လျှောလျှောမှီထိုင်လိုက်၏။ ခန္ဓာကိုယ်တွင် Boxer တစ်ထည်သာ ဝတ်ဆင်ထားသည့် သူ့ပုံစံက ပထမနှစ်ကျောင်းသားတစ်ယောက်နှင့် မတူနေဘဲ မိန်းကလေးများကို လှည့်စားကာ ပန်းဆွတ်ပြီး ပစ်ထားတတ်သော ပွေပွေရှုပ်ရှုပ် လူရမ်းကားတစ်ယောက်နှင့် တူနေသည်။ စူးရှသည့် အပြာရင့်ရောင် မျက်လုံးများကို ဖုံးကွယ်ထားပေးသည့် မျက်မှန်သည်လည်း မပါနေ။ ခွာထားသည့် စောင်ကို ခြေထောက် နှစ်ချောင်းကြား ညှပ်ထားပြီးနောက် အိပ်ယာဘေးစင်ရှိ ရေဘူးနှင့်ဖုန်းကို လှမ်းယူ၏။ ယနေ့က ကျောင်းပိတ်ရက်မို့ တော်သေးသည်။ မဟုတ်လျှင် ယခုလိုအိပ်ယာထနောက်ကျပုံနှင့်ဆိုလျှင် လေ့ကျင့်ရေး အချိန်တွင် သူ့သူငယ်ချင်းများက သူ့အစား ပြစ်ဒဏ်ဝိုင်းခံပေးနေရလိမ့်မည်။
လူသစ်လေ့ကျင့်ရေးက တာဝန်သိစိတ်ကိုတော့ ဖြစ်လာစေသားပဲ။
ကျောင်းဖိုရမ်ကို မွှေနှောက်ကြည့်နေရင်း နိုင်းချင်းတွေး၏။ ထို့နောက် သူ့အား အိပ်ယာထနောက်ကျ စေသည့် တရားခံကိုပါ ဆက်တွေးဖြစ်ခဲ့သည်။
အားသစ်နှင့်သူ့အနမ်းသည် အတွေးထဲတရေးရေးပေါ်လာ၏။ တစ်ညကုန်လွန်ပြီးခဲ့ပြီ ဖြစ်သော်လည်း သူ့နှုတ်ခမ်းတို့သည် တစ်ဖက်သူ၏ နှုတ်ခမ်းအတွေ့ကို မှတ်မိနေသေးဆဲဖြစ်သည်။ ထို့နောက် အားသစ်၏ ထိတ်လန့်တုန်လှုပ်နိုင်လောက်သည့် လျှို့ဝှက်ချက်များအကြောင်းကို နိုင်းချင်းဆက်တွေးပြန်၏။
သူထင်ထားသည့်အတိုင်း အားသစ်သည် စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး စွမ်းအားရှင်ဖြစ်နေကြောင်းကို Second Personality နှင့် လက်တစ်ဆုတ်စာ လူများသာ သိပုံရသည်။ ဖြိုးဝေ၏ အတွေးကို ကြားခဲ့ပုံအရ ဆိုလျှင် လေ့ကျင့်ရေးအဖွဲ့သားများပင်လျှင် ထိုအကြောင်းကို သိပုံမရ။ ထို့အတွက် အားသစ်၏ လျှို့ဝှက်ချက် ကိုသိသော လက်တစ်ဆုတ်စာလူစုတွင် သူ ပါသည်။ သူ သိနေခြင်းကို အခြားသိနေသူများ သိ၍တော့ မဖြစ်။
