Unicode
ညနေပိုင်း အတန်းလွှတ်သည့်အချိန်တွင် တတိယနှစ်ကျောင်းသားအချို့သည် သူတို့တတိယနှစ်ဆောင် ဘက်သို့ ရောက်နေသော ပထမနှစ်ကောင်ကလေးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြ၏။ အားသစ်၏ အပေါင်းအသင်းများကတော့ သူတို့အခန်းမျက်နှာချင်းဆိုင်တွင် နံရံကိုမှီပြီး ဖုန်းသုံးနေသည့် နိုင်းချင်းကို ကြည့်ပြီး တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြတော့သည်။
"အားသစ်ရေ... မင်းကောင်လေး ရောက်နေပြီ!"
ဉာဏ်လင်း၏ ကျယ်လောင်သော အော်သံကြောင့် အားသစ်အတန်းရှိ ကျောင်းသားတို့က အားသစ်ဘက် ပြုံးစိစိနှင့်လှည့်ကြည့်လာကြ၏။
"ဟဲ့ နင်က ငါ့ကို အတင်းကြီးလာဖျက်ခိုင်းတုန်းက ဖျက်ခိုင်းပြီး အခု အတည်တွဲကြတာ ဘာ သဘောလဲ!"
အတန်းမတူသော်လည်း အတန်းနီးချင်းဖြစ်သည်မို့ သူတို့အတန်းရှေ့က ဖြတ်အသွားတွင် ဉာဏ်လင်း အော်သံကို ကြားလိုက်ရသည့် ဈာန်နွေဦး၏ အော်သံကြောင့် မိန်းကလေးအချို့ ခပ်တိုးတိုးရယ်ကြသည်။
"တတိယနှစ်တစ်ခုလုံးက မင်းတို့တွဲတာ သိကုန်တော့မယ်"
ဖြိုးဝေသည် အသံတိုးတိုးဖြင့် အားသစ်ကို ဝိုင်းစနေသည့် ကျောင်းသားများထဲတွင် ပါဝင်လိုက်သည်။
"ညီလေး... မင်းက ဒီအပေါက်ဆိုးတဲ့ အားသစ်နဲ့မှ တွဲနေတာကိုး"
အားသစ်၏ သူငယ်ချင်းတချို့သည် အားသစ်ကို စောင့်နေသော နိုင်းချင်းအား စနောက်ကြပြန်၏။ စီနီယာများက သူ့ကို စနောက်နေကြပြီမို့ နိုင်းချင်းသည် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ အပြုံး ဖြင့်သာ တုံ့ပြန်သည်။
"မြန်မြန်သွားမယ် ဒီကောင်တွေက အာရုံတွေ"
စိတ်တိုတိုနှင့်သူ့ရှေ့လာပြော ခပ်သွက်သွက်ရှေ့ကလျှောက်သွားသည့် အားသစ်နောက် နိုင်းချင်း အမှီ လိုက်ရတော့သည်။ သို့သော် သူတို့ကို စနောက်နေသည့် စီနီယာအစ်ကိုများကို ပြန်လှည့်ပြုံးပြဖို့တော့ နိုင်းချင်း မေ့ခဲ့။
"ဒါကြောင့်မင်းကို လာမစောင့်စေချင်တာ"
အားသစ်၏ ပွစိပွစိရေရွတ်နေမှုကြောင့် နေ့ခင်းပိုင်းက သောမတ်စ်ကြောင့် ရှုပ်ထွေးနေသည့် နိုင်းချင်း စိတ်သည် ပြန်ကြည်လာတော့သည်။