Unicode
တဖြည်းဖြည်းနှင့်နောက်ဆုံးတွင်တော့ လူသစ်လေ့ကျင့်ရေး၏ နောက်ဆုံးနေ့သို့ ရောက်ရှိလာ၏။ လူသစ်လေ့ကျင့်ရေးနောက်ဆုံးနေ့တွင် ပထမနှစ်တစ်နှစ်လုံးသည် နံနက်ပိုင်းအချိန်သို့ လာရောက်ကြသည်။ သူတို့၏ ကြွေးကြော်သံက ဟိုးယခင်နေ့များထက် ပို၍ မာန်ပါနေပြီး သူတို့၏ လှုပ်ရှားမှုတိုင်းသည်လည်း အခြားသောနေ့များထက် ပို၍တက်ကြွမှုရှိ၏။ ပထမနှစ်များ ဘောလုံးကွင်းပတ်ပြေးလျှင် လိုက်ပတ်ပြေး ရသည့် တတိယနှစ်များသည် အလွန်အမင်းတက်ကြွနေသည့် ပထမနှစ်ကျောင်းသားများကို တိတ်တဆိတ်သာ ကြည့်ကြသည်။ သူတို့စိတ်ထဲတွင်တော့ ကျေနပ်မှုအပြည့်ဖြင့်...
'နောက်ဆုံးတော့ ငါတို့တွေ မနက်ကောင်းကောင်းအိပ်လို့ရပြီ'
'နောက်ဆုံးတော့ ငါတို့တွေ ညနက်တဲ့ထိနေလို့ရပြီ'
'နောက်ဆုံးတော့ အတန်းပြီးတာနဲ့ ငါတို့ပြန်လို့ရပြီ'
'နောက်ဆုံးငါတို့ ဘာအစည်းအဝေးမှလုပ်စရာမလိုတော့ဘူး'
ပထမနှစ်များနှင့်အတူ စီတန်းပြေးနေသော နိုင်းချင်းသည် အားသစ်ကို လှမ်းကြည့်၏။ အားသစ်သည် ထုံးစံအတိုင်း မျက်နှာတည်အောက်တွင် ပေါက်ကရအတွေးများကို တွေးနေပုံရသည်။ လူသစ်လေ့ကျင့်ရေး ပြီးဆုံးတော့မည်ဆိုပြီး ပျော်ရွှင်မည့်သူများက ပထမနှစ်များသာ ရှိနေလိမ့်မည်ဟု သူ ထင်ထားတာ တစ်စုံတစ်ယောက်ကတော့ ပထမနှစ်များထက်ပင် ပျော်နေပုံရသည်။ ပြေးနေရင်းဖြင့် နိုင်းချင်း၏ နှုတ်ခမ်းထောင့်စွန်းများသည် မသိမသာကော့ညွှတ်သွားရ၏။
နံနက်ပိုင်း လေ့ကျင့်ရေးအချိန်ပြီးချိန်တွင် ထုံးစံအတိုင်း သူတို့ကို ရေဘူးများ ဝေပေးကြ၏။ ရေဘူး ကိုင်ထားရင်းဖြင့် နိုင်းချင်းသည် တတိယနှစ်များ တစုတစည်းတည်း ရှိနေသည့်ဘက်သို့ လှမ်းကြည့်သည်။ ရှာဖွေနေသော တစ်ယောက်သောသူသည် ခပ်လှမ်းလှမ်းတွင် သံဇကာကို မှီရပ်ပြီး ရေသောက်နေချေ၏။
"မင်း ဘယ်သွားမလို့လဲ"
အားသစ်ထံသို့ ဦးတည်နေသည့်အချိန်တွင် သူ့လက်ကို တစ်စုံတစ်ဦး လှမ်းဆွဲလာသည်။

ŞİMDİ OKUDUĞUN
Marmalade [Own Creation]
RomantizmEven I can get another you, my choice is only you.