Unicode
အပိုင်း - ၁၅
သူငယ်ချင်းများနှင့် မုန့်စားနေသည့် ဈာန်နွေဦးတစ်ယောက် အကုသိုလ်ဂြိုဟ်ဆိုးဝင်လေတော့သည်။ သူမနှင့် သူငယ်ချင်းများ အတူထိုင်နေစဉ်တွင် တတိယနှစ်နှင့်ပထမနှစ်ကောင်လေးတို့သည် သူမ ထံသို့ စိုက်စိုက်မြိုက်မြိုက်ရောက်လာချေ၏။
"ဪ... သူတို့တွေ တွေ့သွားပြီပေါ့"
အကင်ချောင်းကို ကိုက်ဆွဲပြီး ဈာန်နွေဦးရေရွတ်၏။ သူငယ်ချင်းမများ၏ စူးစမ်းအကြည့်များကို လျစ်လျူရှုပြီးနောက် ဈာန်နွေဦး ဝိုင်းမှ ထရပ်သည်။ သဘာဝအတိုင်း ဖြောင့်စင်းနေသည့် ဆံပင်များကို အနောက်သို့ပို့လိုက်ပြီး...
"ငါစကားသွားပြောလိုက်ဦးမယ်"
"နင်မဟုတ်တာ တစ်ခုခုလုပ်ထားပြန်ပြီလား"
"အဆောင်ထဲထိလိုက်ပြီး ဘဲတစ်ယောက်ရအောင် ယူတာထက်ဆိုးတာကို ငါဘယ်လိုလုပ် လုပ်နိုင် တော့မှာလဲ"
ဈာန်နွေဦး၏ ဟန်ပါပါပြောမှုကြောင့် သူမ၏ သူငယ်ချင်းတစ်အုပ်လုံး ကြိတ်ရယ်ကြ၏။
"အခုက လေ့ကျင့်ရေးအဖွဲ့ခေါင်းဆောင်နဲ့ပတ်သက်ပြီးလား"
"မပြောတတ်ဘူးလေ နင်တို့က သိပ်လည်း မစပ်စုပါနဲ့ ငါသွားလိုက်ဦးမယ်"
"မြန်မြန်မပြန်လာနိုင်ရင် နင့်အတွက်မကျန်ဘူးနော်"
"ဟွန့်"
ထပ်၍ ပြန်ပြောမနေတော့ဘဲ သူမဆီလာနေသော ဧည့်သည်နှစ်ဦးဆီသို့ ထွက်လာလိုက်၏။
"ဒါကဘယ်သွားမလို့လဲ"
သူမရှေ့တွင် ပိတ်ရပ်လိုက်သည့် အားသစ်ကို ဈာန်နွေဦး မျက်လုံးလေးဝင့်ကြည့်ကာ...
"နင့်ဆီလာတာပေါ့ လေ့ကျင့်ရေးအဖွဲ့ခေါင်းဆောင်ကြီးရဲ့"
"နင် ငါတို့ အဆောင်ထဲကို ခိုးဝင်ပြန်ပြီမဟုတ်လား"
"အိုး နင်ကလည်း စွပ်စွဲပြန်ပြီ"
"ဈာန်နွေဦး ထပ်ခိုးဝင်လာရင် ကျောင်းထုတ်မှာနော်... ငါ့မှာ သက်သေရှိတယ် ကျောင်းသားသမဂ္ဂ ဆီတင်လိုက်မှာ"