ထိုနေ့က အတန်းထဲမှ ကျောင်းသူကျောင်းသားများ ပါတီလုပ်ရန် ဆုံးဖြတ်ထားသည်။ပါတီဆိုပေမဲ့ ပါတီအသေးလေး။အသားကင်ဆိုင်လေးတွင် ကျင်းပမည်။တစ်နိုင်တစ်ပိုင်။အတန်းထဲရှိ ကျောင်းသူကျောင်းသားများကို မော်နီတာ ပိုက်ဆံကောက်လိုက်သည်။အားလုံး ညခုနှစ်နာရီ ဆုံကြမည်။ရှိုင်းခန့်ကလည်း သူ့မိဘခွင့်ပြုချက် ရပြီးသားမို့ သိပ်လွတ်လပ်။
“ဟော..ငါတို့ရဲ့ ကင်းကြီး လာပါပြီဗျာ..”
ရှိုင်းခန့်ဝင်လာသည်နှင့် မော်နီတာမှ ခပ်ပြောင်ပြောင်အသံလေးဖြင့် ရယ်လိုက်သည်။ရှိုင်းခန့်မှာ ခပ်ပြုံးပြုံး။မင်းသူသည် သူ့ဘေးမှာထိုင်ရန် လက်ယက်ခေါ်သည်။ရှိုင်းခန့်လဲ မင်းသူဆီ ဝင်ထိုင်လိုက်သည်။ထို့နောက်မကြာ ဝေဠုမင်းခင် ရောက်လာခဲ့သည်။သူ့အဖွဲ့သားများတော့ မပါ။မေဂျာမတူ၍ မလိုက်လာ။
“ဝေဠုမင်းခင်..ဒီမှာ လာထိုင်”
ရှိုင်းခန့်က လက်ယက်ခေါ်နေသည်ကို ဝေဠုမြင်သည်။ဝေဠုမှာ ခပ်တည်တည်နှင့် ရှိုင်းခန့်နား ဝင်ထိုင်လိုက်သည်။စတိတ်ကျောင်းတုန်းကတွင် ဝေဠုမှာ ဘယ်သူနှင့်မှာရောရောနှောနှောမနေ။အထူးသဖြင့် ထိုင်ခုံနေရာကအစ သီးသန့်ထိုင်တတ်သူဖြစ်သည်။ယခုမူ ရှိုင်းခန့်ဘေးနားတွင် အသာတကြည်ထိုင်လိုက်သောကြောင့် မော်နီတာကအစ တအံ့တဩ။
“ရော့ဝေဠု…”
ဝေဠုပန်းကန်အတွင်းသို့ ဝက်သားကင်ကို ကောက်ထည့်ပေးလိုက်သည်။ဝေဠုကိုစိတ်ဝင်စားနေသော မိန်းမသားတစ်ချို့များက ရှိုင်းခန့်ကို ဘူကြည့်ကြည့်။
“ဂုဏ်ယူပါတယ် ရှိုင်းခန့်။မင်းကင်းဖြစ်သွားတာ..”
“ဟား….ငါက ကိစ္စတစ်ခုရှိလို့ ဝင်ပြိုင်လိုက်တာပါကွာ။ငါရမယ်တောင် မထင်ခဲ့ဘူး”
ရှိုင်းခန့်မှာ ရယ်ရယ်မောမောဖြင့် ဘေးနားက ရေခွက်ကို မော့သောက်လိုက်သည်။
“ငါတို့ကင်းကြီးကလဲကွာ။ဘေးမှာ စပိုင် ရှိနေတာပဲ။ဘာလို့ ရေသောက်နေတာလဲ..”
မော်နီတာမှ ခပ်သဲ့သဲ့လေး ရယ်ပြောလိုက်သည်။
“မဟုတ်ရပါဘူးဗျာ။ကျွန်တော်က မသောက်တတ်တာဗျ။မသောက်ပါရ စေနဲ့ဗျာ..”
YOU ARE READING
သက်သေတည်၍(completed)