အပိုင်း ၁

10.9K 453 2
                                    

'ခက်... ခက် မထသေးဘူးလား မြန်မြန်လုပ်လေ နောက်ကျတော့မယ်'

'လာပြီ မိနွယ်ရယ် ..'

ခက်တမာ စာအုပ်များပြည့်နေသောကျောပိုးအိတ်လေးကိုလွယ်ကာ လှေကားထစ်မှဆင်းလာသည်ကို စိတ်မြန်လက်မြန်ရှိလှသော မိနွယ်တစ်ယောက်မှာ စိတ်မရှည်နိုင်သလို ။ ခက်အနောက်မှ ခက်မေမေနှင့်ဖေဖေက လိုက်လာပြီး အဝတ်အိတ်လေးထိုးပေးရင်း တဖွဖွမှာနေသည်။ ခက်လက်ထဲမှ အိတ်လေးကိုဆွဲယူရင်း မိနွယ်ကပင် စကားစဝင်ဖြတ်ရသည်။

'ဒေါ်လေးတို့ ဦးလေးတို့လိုက်မပို့‌နဲ့တော့ မိနွယ်ပဲပို့လိုက်မယ် ညကမိုးကြောင့်ဗွက်တွေတအားထနေတာ
အဒေါ်တို့သမီးက အခုမှသွားဖူးတာဖြင့်မဟုတ်ဘဲ နှစ်တိုင်းသွားနေကြကို လာ လာခက် နောက်ကျတော့မယ်'

ခက်လက်ကို ဆွဲကာပင် အမြန်ထွက်လာရသည်။မဟုတ်ရင်ဒီသားအမိတွေ မှာတမ်း‌ခြွေ၍ဆုံးမည်မဟုတ်။

'မိနွယ်ရယ် ဖြေးဖြေးလုပ်ပါဟယ် ချော်လဲကုန်ပါ့မယ်'

'၅နာရီခွဲပြီးနေပြီ ခက်ရဲ့ ဟိုဘက်ရွာကနေသစ်တို့တောင် ငါနင့်ဆီလာဖို့မျက်နှာသစ်တုန်းတည်းက ရေဆိပ်ဘက်ဆင်းသွားကြပြီ'

တကယ်လဲ ခက်တမာ လှေဆိပ်ရောက်တော့ တာဝန်ကျဆရာမအပြင် တော်တော်များများစုံနေကြလေပြီ။ခက်တို့ကျောင်းနှင့် ရွာနားကကျောင်းများ ဘက်စုံပြိုင်ပွဲဝင်ရန် မြို့နယ်သို့သွားကြရမည်။ ခက်တမာက အဌမတန်းကိုယ်စားပြု (မ)အနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ခက်တို့ရွာနှင့် မြို့နယ်က ကားလမ်းပေါက်ပေမယ့် မိုးရွာထားလျှင်လမ်းမကောင်း‌သဖြင့်သွားမရပေ ။ မိုးကျချိန်တွင် ရေလမ်းကိုသာ အားပြုရသည်။

တာဝန်ကျဆရာ/မများက လူစစ်ပြီး စက်လှေပေါ်တက်ကြရသည်။

'မိနွယ် တခြားသူတွေနဲ့ သေချာလိုက်ပြန်သွားနော် '

'ငါ့ကိုစိတ်ပူမနေပါနဲ့ နင်သာဆုရအောင်လုပ်ခဲ့သိလား '

မိနွယ်ကပြောရင်း ခက်လက်ထဲသို့ ငါး‌ထောင်တန်လေးနှစ်ရွက်ကိုအတင်းထိုးထည့်လာသည်။ ခက်ငြင်းချင်ပေမယ့် မိနွယ်အကြောင်းသိသည်မို့ ယူလိုက်ရသည်။ မုန့်ဖိုးတွေကို မသုံးဘဲစုထားလေ့ရှိကာ လိုအပ်မှသာထုတ်သုံးတတ်သောမိနွယ်သည် ခက်အတွက်ဆိုလျှင်တော့ တခါမျှလက်မတွန့်တတ်။ စိတ်ထားကောင်းပြီးသွက်လွန်းသော ဒီသူငယ်ချင်းလေးကိုတော့ ခက်တမာ တကယ်ပင်ခင်ပါသည်။

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now