Unicode ✍
မိနွယ်....။
အားလုံးကမိနွယ်လို့သာ ခေါ်ကြတာကြောင့် ခက်လဲသူ့ကိုမိနွယ်ဟုသာခေါ်သည်။
နာမည်အရင်းက နွယ်နွယ်သာ ။
လေးလေးဦးမောင်မောင်သာနှင့် ကိုဖိုးသာတို့သားအဖနှစ်ယောက်ရဲ့ ရင်နှစ်သည်းခြာလေး။မိတဆိုးပေမို့ လေးလေးမောင်သည်မိနွယ်အား လိုလေသေးမရှိ အလိုလိုက်ကာ သိပ်ချစ်ရှာသည်။
ထိုကဲ့သို့ပင် ၅နှစ်ကြီးသော ကိုဖိုးသာသည်လည်း သူ့ညီမလေးမိနွယ်အား လိမ်းဖို့သနပ်ခါးကအစ ချိုးရေအဆုံး သူကိုယ်တိုင်အကုန်လုပ်ပေးကာ ညီမလေးအငြိုငြင်နည်းနည်းမျှမခံ။မိသားစု၃ယောက်သာရှိသည့်အနက် ယောကျာ်းသားများမို့ အထွေအထူးဘာမျှကုန်စရာမရှိသော်လည်း အလုပ်လောဘကြီးကြသည်။ မိုးလင်းကမိုးချုပ်အလုပ်နှင့်လက်နှင့်မပြတ်စေရ။ ဘယ်သူ့အတွက်လဲဆိုလျှင်တော့ သူတို့ရဲ့တန်ဖိုးမဖြတ်နိုင်သော ...မိနွယ်အတွက်ပင်။
မိနွယ်က ထိုကဲ့သို့ မိသားစုကောင်းတွင် အချစ်ခံရကာကြီးပြင်းလာခဲ့ရသူဖြစ်သည်။
လယ်ယာလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုကြသူများပေမို့ အစားအသောက်မရှား။ မိသားစုဝင်နည်း၍ ငွေရေးကြေးရေးစိုးရိမ်စရာမရှိ။
မိနွယ်က ဘာလိုချင်သည်ပူဆာရန်မလို မြို့တခါတခါတက်တိုင်း အသစ်အဆန်းဆိုသောပစ္စည်းများကို မိနွယ်ရဲ့အဘလေးမောင် နှင့်အကိုက ဝယ်လာပေးတတ်သည်။မိနွယ်အသားက သိပ်အဖြူကြီးမဟုတ် ပန်းရောင်ဘက်သမ်းသည်။ ပခုံးသာသာဆံပင်များကို နှစ်ဖက်ခွဲကာ ခပ်မြောက်ေမြာက် ဂျိုလေးလိုစည်းထားတတ်သည်။
ချစ်စရာကောင်းကာ သိပ်ပြီးမဖွံ့ထွားသော ခန္ဓာကိုယ်ကြောင့် ရှစ်တန်းကျောင်းသူဆိုလျှင် ဘယ်သူမျှယုံမည်မထင်။ သွက်သွက်လက်လက်နှင့် စိတ်မြန်လက်မြန်ရှိသူပင်။
မိနွယ်ရဲ့ညာဘက်ပါးတွင် စံပယ်တင်မှဲ့လေးရှိသည်။
ထိုမှဲ့လေးက မိနွယ်ကိုပို၍လှစေသည်ဟု ခက်တမာထင်သည်။ထို့ပြင် ဘယ်ဘက်နှုတ်ခမ်းအောက်ဘက်မှာ မှည့်သေးသေးလေးတစ်လုံးလဲရှိသေးသည် ။
အင်း...ဒါကတော့ မိနွယ်စကားများရခြင်း၏ တရားခံဖြစ်မည်။
ESTÁS LEYENDO
သူငယ်ချင်းသို့ ( To Friend )
Romanceနင်လိုအပ်တဲ့အခါတိုင်း ငါ့နာမည်ကိုသာခေါ်လိုက် ရောက်တဲ့အရပ်ကနေ နင့်ဆီလာခဲ့မှာခက်ရဲ့... နွယ်နွယ်သာ အမြဲရှိနေပေးမှာလို့ပြောခဲ့တဲ့သူက အဝေးဆုံးကိုထွက်သွားလို့ရလား.... ခက်တမာ Unicode + Zawgi