အပိုင်း ၁၃

2.2K 266 0
                                    

Unicode ✍

'ခက်တမာတို့ကို ရေဆိပ်မှာတွေ့ခဲ့တယ် မိနွယ် သွားကြိုချင်ကြိုလေ'

'တကယ်လား ကိုကြီးသာ'

မိနွယ် အံဩတကြီးမေးလိုက်တော့ ကိုကြီးသာက မိနွယ်ခေါင်းကိုအသာဖွရင်း ခေါင်းညိမ့်ပြသည်။

မိနွယ်လယ်တဲလေးထဲမှ အပြေးထွက်ကာ ရေဆိပ်‌လမ်းလေးအတိုင်းလာမိတော့ ဘကြီးအောင်မောင်းလာသော နွားလှည်းနှင့်တိုး၍ ဘေးသို့တိမ်းပေးလိုက်ရသည်။

'ဟဲ့ မိနွယ် တစ်ယောက်ထဲဘယ်ကိုတုန်း'

မိနွယ်ဘကြီးအောင်ရဲ့အမေးကိုမဖြေနိုင်ဘဲ နွားလှည်းနောက်တွင်ပါလာသော ဆရာမနှင့်ခက်ကိုသာ မျက်လုံးလေးဝိုင်းကာကြည့်နေမိသည်။ ဆရာမနှင့်ခက်သည်လည်း အခုမှ မိနွယ်ကိုမြင်သွားဟန်ရှိကာ နွားလှည်းကိုခနရပ်ခိုင်းသည်။

'သမီးမိနွယ် တစ်ယောက်ထဲဘယ်ကိုသွားမလို့လဲ'

မိနွယ်ပါးစပ်အဟောင်းသားလေးနှင့် ဘာဖြေလို့ဖြေရမှန်းမသိဖြစ်နေသည်။ အရင်လိုဆိုဆရာမတို့ကိုလာကြိုတာလို့ ဇက်ခနဲဖြေပစ်လိုက်မည်‌ဖြစ်သော်လည်း ယခုချိန်တွင်ဘာကိုတွေဝေနေမှန်းမသိပါဘဲ စကားလုံးတို့ကပျောက်ရှနေခဲ့သည်။

'ရော် ဒီကလေးမ တယ်ခက်သကိုး ရေဆိပ်မှာဘယ်သူမှမရှိတော့ဘူး နေစောင်းနေပြီ သွားသွား အိမ်ပြန်တော့ နင့်အဘသာသိရင် စိတ်ပူနေမှာ ပြန်ပြန်'

ကြားထဲကနွားလှည်းကရင်း စောင့်နေရသောဘကြီးအောင်ကပင် အတင်းပြန်ခိုင်းနေတာကြောင့် ‌ခြေလှမ်းတို့ကိုတဲဘက်ပြန်လှည့်ကာ သုတ်ခြေတင်ပြေးခဲ့ရတော့သည်။ ကိုယ်မှအမှန်တရားကို ဖွင့်ပြောဖို့မတတ်သာဘဲလေ။

မိနွယ်အပြေးလေးပြန်ဝင်လာတော့ ကိုကြီးသာ၏ သွားကြိုတာမဟုတ်ဘူးလားဟူသော အမေးကို ဘကြီးအောင်ရဲ့နွားလှည်းကြုံနဲ့လာနေကြပြီဟုဟာ ခပ်သုတ်သုတ်ဆိုရင်း တဲအပေါ်ထပ်သို့ပြေးတက်လာလိုက်သည်။ မျက်နှာလေးမြင်လိုက်ရုံနဲ့ လူကိုကတုန်ကယင်ဖြစ်သွားစေနိုင်သည့် ဒီရောဂါကိုသူမသိ။ အတော်လေးဆိုးရွားသည့်ရောဂါတစ်မျိုးပင်။

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now