13

426 80 14
                                    

Unicode

အမှန်ပဲ ကျွန်တော်ကိုယ်တိုင် လိုလိုလားလားနဲ့ ခေါ်လိုက်မိတာ။

သူညဘက်ဘယ်တွေသွားတတ်လဲ? ဘာတွေလုပ်တတ်လဲဆိုတာ ကျွန်တော်မသိဘူး။

ဒါပေမယ့် အခုလိုညဘက်ကြီးမှာတော့ ကိုဘဲ့ကနေ ကျိုတိုကို တစ်ယောက်တည်းမပြန်စေချင်တာအမှန်ပဲ။
စိတ်ပူတာလားလို့မေးရင်….စိတ်ပူတာလို့ပဲပြန်ဖြေရမှာပေါ့။

ခင်ဗျားတို့သိလား? ကျွန်တော်ဒီနေ့တစ်နေ့လုံးစာရေးနေတာမဟုတ်ဘူး။ webtoon ပြီးအောင်ဖတ်နေတာ။ သူ့ webtoon မှာက ကြားထဲကအပိုင်းတွေအကုန်ကျော်ပြီး တက္ကသိုလ်ရောက်တော့ စကော်လာနဲ့ ကိုဘဲ့ကိုရောက်သွားပါပြီ ဆိုတဲ့နေရာမှာရပ်ထားတယ်။

မှတ်ချက်တစ်ခုက..
‘အစ်ကိုနဲ့တွေ့ရင်ဆက်ရေးပါ့မယ်’တဲ့။
စာဖတ်သူတွေဘယ်လိုခံစားရမလဲတော့မသိဘူး။ ကာကယံရှင်ကျွန်တော်ကဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ စိတ်မကောင်းဖြစ်တယ်ဆိုတာထက် ဘယ်လိုပြောရမလဲ...တစ်စုံတစ်ယောက်က ကျွန်တော့်ကို ၇ နှစ်တောင်စောင့်ပြီး လိုက်ရှာနေတယ်ဆိုတဲ့ ခံစားချက်မျိုး..

ကျွန်တော် ဒိုယောင်းအကြောင်းဘာမှမသိပေမယ့်..ပိုသိချင်မိတယ်။ သူရှိနေရင် အိုင်ဒီယာတွေထွက်လွန်းလို့ ဘယ်ဟာကိုအရင်ချရေးရမှန်းတောင်ဝေခွဲမရဘူး။ ကျွန်တော့်ကိုဂရုစိုက်ပေးနေတဲ့ သူ့ပုံစံလေးက အရင်ကရခဲ့ဖူးတဲ့ ဂရုစိုက်မှုတွေနဲ့မတူသလိုပဲ။

‘အစ်ကို့ကိုချစ်တယ်’ တဲ့။ သူပြောတော့ ကျွန်တော့်ဝတ္ထုထဲက အဓိကဇာတ်ဆောင်ကောင်မလေးတွေကို သူ့ချစ်သူကဖွင့်ပြောလိုက်သလိုပေါ့။ ကျွန်တော့်ဝတ္ထုထဲက ဇာတ်ကောင်လေးတွေလည်းဒီလိုပဲခံစားရမယ်ထင်တယ်။

အချစ်ဝတ္ထုတွေရေးနေပေမယ့် ‘ချစ်တယ်’ ဆိုတာမျိုးကို ကိုယ်တိုင်မခံစားဖူးတော့ ဒီလိုရင်ဘတ်ထဲကနေလိုတာထက်ပိုပြီးတုန်ခါနေတာမျိုးက ‘ရင်ခုန်တယ်’ ဆိုတာမျိုးလား?

ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီကောင်လေးနဲ့အတူတူ နတ်ကွန်းကိုလာခဲ့ပြီးပြီပဲလေ။ သူစိတ်ကောက်ပြီးထိုင်နေတာကိုလည်း ပြန်လာခေါ်ခဲ့ပြီးပြီပဲ။ သူချစ်ဖို့ကောင်းတယ်ဆိုတာ ကျွန်တော်မလိမ်ပါဘူး။

-----------------------------------------------------------------------

‘အစ်ကို ကျွန်တော်ဘာဝတ်ရမှာလဲ’ ဒိုယောင်းကရေချိုးခန်းထဲကနေထွက်လာပြီး တဘက်နဲ့ရေသုတ်ရင်းမေးလိုက်သည်။ bathrobe ကိုဝတ်ထားတာကြောင့်အကုန်လုံခြုံနေပေမယ့် သူ့ပုံစံကရှက်ကိုးရှက်ကန်းဖြစ်နေသလို။

‘ဒီမှာ ဒိုယောင်း’  အဆင်သင့်ထုတ်ထားတဲ့ ရှပ်အင်္ကျီနဲ့ဘောင်းဘီကိုကမ်းလိုက်သည်။ ဒိုယောင်းကလှမ်းယူလိုက်တော့ လက်ချောင်းတွေက ယှပ်ထိသွားကြသည်။

‘အစ်ကို့အဝတ်အစားတွေဝတ်ပြီး အစ်ကို့အိမ်မှာညအိပ်ရမယ်လို့တစ်ခါမှမတွေးဖူးဘူး’
ဒိုယောင်းက ယိုရှိထိုင်နေတဲ့ဆိုဖာခုံပေါ်လာထိုင်ပြီးပြောလိုက်သည်။

ယိုရှိက ဒိုယောင်းဘက်ကိုလှည့်ကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။ အင်္ကျီကပွပြီးတော့ ဒိုယောင်းအတွက်ဆို ကြီးလည်းကြီးနေသည်။ ဘောင်းဘီကလည်း ပွနေပြီး ခြေဖဝါးပါဖုံးနေသည်။

‘မနက်ဖြန်ဘယ်ချိန်ကျောင်းသွားမှာလဲ’

‘အင်း...၇ နာရီလောက်သွားရမယ်ထင်တယ်..အိမ်ကနေဆိုရင်တော့ ၈ နာရီမှသွားတာ’

‘ဒါဆို ဒီညစောစောအိပ်ဦး..ဗိုက်ဆာပြီလား’

‘အင်း … ဘာစားချင်လဲ’

‘ဘာစားချင်လဲဆိုတာထက်...ဘာရှိလဲဆိုတာအရင်သွားကြည့်ရင်ကောင်းမယ်’

ယိုရှိကပြောလိုက်တော့ ဒိုယောာင်းကချက်ချင်းပဲ ရေခဲသေတ္တာကိုသွားဖွင့်ကြည့်လိုက်သည်။

‘ဘာမှလည်းမရှိဘူး’

‘အင်း ဟုတ်တယ်’ ယိုရှိကရယ်ကျဲကျဲနဲ့ပြန်ပြောလိုက်သည်။

‘ဒါဆို..ဒီညဘာစားရင်ကောင်းမလဲ…’ ဒိုယောင်းက ခေါင်းကုတ်ပြီးစဉ်းစားနေသည်။ ယိုရှိကိုအရသာရှိရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တာပဲစားစေချင်တာမို့ တော်တော်စဉ်းစားယူရသည်။ ပြီးတော့ ကိုယ်တိုင်လည်းချက်ကျွေးချင်သေးတာ။

‘ဒီညတော့ ခေါက်ဆွဲပဲ ပြုတ်သောက်ကြမယ်လေ’ ယိုရှိကထလာပြီး ဗီရိုထဲက ခေါက်ဆွဲထုတ်တွေထုတ်လိုက်သည်။

‘ဟာ..ညဘက်ကြီးခေါက်ဆွဲစားရင် ဗိုက်ပူလာတတ်တယ်..အစာလည်းမကြေဘူး..မစားရဘူး’ ဒိုယောင်းက ယိုရှိလက်ထဲက ခေါက်ဆွဲထုတ်တွေကိုပြန်လုလိုက်ပြီး ဗီရိုထဲထည့်လိုက်သည်။

‘မင်းကတကယ် အမေနဲ့တူတာပါဆို’

‘ဟာ...ဟျောင်း...အဲ….အိုနီးကလည်းးးး’  ဒိုယောင်းက မျက်မှောင်ကျုံ့ပြီး အလိုမကျသလိုနဲ့ပြန်ကြည့်လိုက်သည်။

‘ဟားဟား အဲ့လိုအပြောမခံချင်ရင် ဒီညခေါက်ဆွဲပဲစားလိုက်’

ယိုရှိကအိုးထဲရေထည့်ပြီးမီးဖိုပေါ်တောင်တင်နေပြီ။ ဒိုယောင်းကတော့ ဘေးကျပ်နံကျပ်အခြေအနေမို့ ဘာလုပ်ရမလဲမသိသေး။ ခေါက်ဆွဲပဲစားခွင့်ပေးလိုက်ရမလား? အမေလို့ပဲအခေါ်ခံလိုက်ရမလား?

နောက်ဆုံးတော့လည်း…

‘အစ်ကို ဒီနေ့ညပဲစားရမယ်နော်’

‘ခေါက်ဆွဲတောင်အရသာပျက်တယ်ကွာ မင်းကတော့’

‘အစ်ကိုဒီလိုဖြစ်သလိုစားနေတာ ဘယ်နှနှစ်ရှိပြီလဲ’

‘အင်း…..ကြာပြီ’

‘တွေ့လား...ဘယ်နှနှစ်လဲဆိုတာတောင်မရေနိုင်တော့တဲ့အထိ စားနေတာမလား’

‘အမေနဲ့တူပြန်ပြီ’

‘ကျွန်တော်ကအမေမဖြစ်ချင်ဘူး..အစ်ကို့ကောင်လေးဖြစ်ချင်တာပါဆိုနေ’

‘အင်း ဒါဆို ညတိုင်းခေါက်ဆွဲပြုတ်စားရမယ်’

‘ဗျာ’

အရင်ကလို တအံ့တဩဖြစ်မနေတော့ဘဲ ချက်ချင်းပြန်ဖြေလိုက်တဲ့ ယိုရှိရဲ့အဖြေကြောင့် ဒိုယောင်းကပြန်အံ့ဩသွားရသည်။

*ငြင်းလဲမငြင်းဘူး...လက်ခံလိုက်တာလည်းမဟုတ်ဘူး...အစ်ကိုကဘာဖြစ်ချင်တာပါလိမ့်..ပြီးတော့ ခေါက်ဆွဲပြုတ်စားကြမလားဆိုတာက ကိုရီးယားမှာဆို…*

‘စားလေ ဒိုယောင်း ဘာဖြစ်လို့လဲ...ကုန်ခါနီးမှ ဗိုက်တင်းသွားပြီလား’

‘အစ်ကို...ကိုရီးယားမှာဆိုရင် ခေါက်ဆွဲပြုတ်စားကြမလားဆိုတာ ဘာပြောတာလဲ သိလား?’

‘ခေါက်ဆွဲပြုတ်ပဲစားတာမဟုတ်ဘူးလား’

‘နိုး… အကြီးကြီးလွဲတာ...အစ်ကို့ဘာသာပဲကိုရီးယားကားကြည့်လိုက်တော့’

‘ဟာ ပြောပြလေ’

‘မပြောဘူး’

စားပြီးပြန်တော့လည်း ဒိုယောင်းက အစ်ကို့ဖို့ဆိုပြီး ခရမ်းချဉ်သီးတွေလှီးနေပြန်သည်။
အတူတူ တီဗီကြည့်ရင်း ဘာအလုပ်မှလည်းမလုပ်ဖြစ်ကြဘဲ နားနေကြသည်။

ပုံမှန်ဆို ဒီအချိန်က ယိုရှိစာရေးတဲ့အချိန်။ တစ်ညလုံး ဘေးက Freezer ထဲက ရှိတာထုတ်စားပြီး မနက်မိုးလင်းတဲ့အထိစာရေးတတ်တဲ့သူ။

ဒိုယောင်းကလည်း အရင်ကဆို ကျောင်းစာပြီးတိုင် ပုံဆွဲပြီး နောက်တစ်ပတ် update အတွက်ပြင်နေတတ်တဲ့သူ။

အခုတော့ ၂ ယောက်လုံးကဘေးချင်းကပ်ထိုင်ပြီး ဟာသအစီအစဉ်တစ်ခုကိုကြည့်နေတယ်တဲ့။

ဂျပန်အစီအစဉ်မို့လို့ ဒိုယောင်းကဘာမှနားမလည်။ ဒါပေမယ့် ယိုရှိရယ်တာတွေရင် သူပါလိုက်ရယ်လိုက်သည်။ တစ်ချို့နေရာတွေကတော့ အစီအစဉ်ထဲကလူတွေရဲ့အမူအရာကိုကြည့်ပြီးလိုက်ရယ်လိုက်သည်။

ဒါပေမယ့် ဒိုယောင်းပြုံးနေတတ်တဲ့အချိန်တွေက တီဗီကိုကြည့်နေတာထက် ဘေးက ယိုရှိကိုကြည့်ရင်းပြုံးနေတာကများသည်။

‘၉ နာရီတောင်ထိုးတော့မယ် ...စောစောအိပ်ဦးနော်’

‘အစ်ကိုကဘယ်သွားမလို့လဲ’  ယိုရှိကို အင်္ကျီခါးအနားစလေးဆွဲပြီး လှမ်းမေးလိုက်သည်။

‘အလုပ်လုပ်ရမယ်လေ...အစ်ကိုကကျောင်းတက်စရာမှမလိုတာ’

‘အာ..ဟုတ်သားပဲ..ကျောင်းမြန်မြန်ပြီးချင်ပြီ’

‘တစ်နှစ်ပဲကျန်တော့တာမလား...ဖိုက်တင်း’

ယိုရှိကထသွားပြီး သူ့အခန်းဆီဦးတည်သွားသည်။ အခန်းထဲဝင်ပြီး ညလုံးပေါက်စာတွေရေးရတော့မည်။ဒီနေ့ အနားယူချိန်အရမ်းများသွားပြီမဟုတ်ပါလား?

‘ဒိုယောင်း အိပ်ဖို့ ဟိုဘက်အခန်းထဲမှာပြင်ထားပေးတယ်...စောစောအိပ်နော်’

‘ဟုတ်’

ယိုရှိအခန်းထဲကိုဝင်သွားကတည်းက ဒိုယောင်းတစ်ယောက် ဆိုဖာပေါ်မှာတုံးလုံးလှဲလိုက် ပက်လက်လှန်လိုက် ငုတ်တုတ်ထိုင်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေသည်။

အိပ်လို့ကလည်းမပျော်...စာကလည်းမလုပ်ချင်…

Tablet သွားယူပြီး ဧည့်ခန်းထဲက စားပွဲပေါ်မှာပဲ ပုံထိုင်ဆွဲနေလိုက်တော့သည်။ ဒါပေမယ့်လည်း ပုံဆွဲတာကနည်းနည်း ယိုရှိအခန်းကိုလှမ်းကြည့်နေတာက များများရယ်ပါ။

ပုံဆွဲနေရင်းနဲ့တွေးနေမိတာက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး။ ဘာဆက်ဖြစ်မှာလဲ? အစ်ကို့ကိုနေ့တိုင်း ထပ်ထပ်ပြောပေးရမှာလား?

‘အား...မသိတော့ဘူးကွာ’

ပုံဆက်မဆွဲဘဲ စားပေါ်ပေါ်ခေါင်းတင်ပြီး မျက်လုံးမှိတ်လိုက်သည်။ မအိပ်ချင်သေးပေမယ့် ခဏတော့ မျက်လုံးအနားပေးလိုက်သည်။ အစ်ကိုနဲ့တစ်အိမ်ထဲမှာအတူနေပြီး မတွေ့ရဘူးဆိုတာရော ဖြစ်သင့်ရဲ့လား?

*ဟွန်း..အစ်ကိုကတကယ် အကျင့်ပုတ်*

သိပ်မကြာခင်မှာပဲ အခန်းထဲကနေ ယိုရှိထွက်လာပြီး သူ့အခန်းထဲကိုပြန်ဝင်သွားသည်။ ထို့နောက် ပြန်ထွက်လာပြီး ဖြည်းဖြည်းချင်းလျှောက်လာကာ ဒိုယောင်းကို စောင်ပါးပါးလေးတစ်ထည်ခြုံပေးလိုက်သည်။

စောင်ခြုံပေးပြီး တိတ်တိတ်လေးပြန်ထွက်သွားမယ်အလုပ် ဒိုယောင်းက ယိုရှိရဲ့ခြေထောက် ၂ ဖက်လုံးကိုလှမ်းဖက်ထားလိုက်သည်။

‘အမေ့...လန့်လိုက်တာ..ဒိုယောင်း မအိပ်သေးဘူးလား’

‘ဟင့်အင်း...ခဏနားနေတာ’

‘အိပ်တော့လေ’

‘အစ်ကို ပြောစရာရှိလို့ ဒီမှာခဏထိုင်ဦး’

ဒိုယောင်းကပြောတော့လည်း ယိုရှိကထိုင်ချလိုက်ရသည်။ ခြေထောက်ကိုလှမ်းဆွဲထားတာမို့ မထိုင်လို့ကလည်းမရ။

‘သိတယ်မလား…’  ဒိုယောင်းက အသံကိုဆွဲပြီး အစချီလိုက်သည်။ လက် ၂ ဖက်ကတော့လွှတ်ပေးလိုက်ပေမယ့် ဘေးနားမှာ ကပ်ပြီးထိုင်နေတုန်း။

‘ဘာကိုလဲ’  ယိုရှိကပြန်မေးသည်။

‘ကျွန်တော် အစ်ကို့ကိုချစ်တယ်ဆိုတာလေ’

‘အင်း...အင်း..သိတယ်’

‘ကျွန်တော်လေ...အဖြေလိုချင်တာတော့မဟုတ်ပေမယ့်လေ...သိတယ်မလား...ဟို...အစ်ကို ကျွန်တော့်ကိုဘယ်လိုတွေးလဲဆိုတာသိချင်လို့’

‘ဪ….’

‘ဘယ်လိုတွေးလဲဟင်’

‘အင်း….မှန်းစမ်း…’

‘အမေနဲ့တူတယ်လို့တော့မပြောနဲ့နော်’

‘အဲ့လိုပြောမလို့ပဲ’

‘အစ်ကိုကလည်း’

‘မင်း အစ်ကို့အကြောင်းဘာမှမသိဘူးနော်..တကယ်လို့အစ်ကို့ပုံစံအမှန်ကိုသိသွားရင်ရော ကြိုက်ဦးမှာလား’

‘ဘာပဲဖြစ်ဖြစ်...အစ်ကို့ကိုချစ်တယ်ဆိုရင် အစ်ကိုဘာလုပ်လုပ်သဘောကျပေးရမှာပဲမဟုတ်ဘူးလား..’

‘အဲ့တာထက် အရမ်း...အရမ်းကိုဆိုးတာဆိုရင်ရော’

‘ဒါဆိုရင်တော့ အမေလိုနေပြီး ဆူပေးရမယ်ထင်တယ်’

ဒိုယောင်းရဲ့အဖြေမှာ ယိုရှိကရယ်လိုက်သည်။ စကားဆိုတာ များများပြောလေလေ စကားထဲကနေ အကျင့်စရိုက်တွေကိုသိရလေလေဆိုတာ တကယ်မှန်သည်နှင့်တူသည်။

ဒိုယောင်းအကြောင်းကိုဘာမှတောင်မသိသေးပေမယ့် စကားထဲကနေ သူ့ရဲ့စိတ်နေသဘောထားနဲ့ အကျင့်စရိုက်လေးတွေကိုခန့်မှန်းလို့ရနေသည်။

‘ဒါနဲ့လေ..အစ်ကိုမှတ်မိတဲ့မင်းပုံက ဝတုတ်လေးလားလို့’

‘ဟုတ်တယ်လေ..အဲ့တုန်းက ဝတုတ်လေး..အစ်ကို့ကိုလွမ်းနာကျသွားရင်း ပိန်သွားတာ’

‘ဒါဆို အစ်ကိုကကျေးဇူးတင်စရာကောင်းတာပဲ’

‘ဘာလို့လဲ..ပိန်သွားပါတယ်ဆိုတာကို’

‘ဒါပေမယ့် ပိုချောလာတယ်လေ’

‘အာ...အစ်ကိုရော အဲ့လိုထင်တာလား’

‘အင်း’

‘ကျွန်‌တော်ကပိုကြည့်ကောင်းလာတယ်ပေါ့’

‘အင်း’

‘ကာတွန်းကရောဖတ်ပြီးသွားပြီလား’

‘အင်း’

‘ဒါဆိုကျွန်တော့်ကိုပြန်ချစ်မှာပေါ့’

‘အင်း’

‘အာဟ...မိသွားပြီ။ ပြောပြီးတဲ့စကားပြန်ရုတ်သိမ်းလို့မရဘူးနော်’

‘အင်း’

‘အစ်ကို...ကျွန်တော်ကစနေတာလေ..အစ်ကိုကဆက် ‘အင်း’ နေတုန်းပဲလား’

‘အင်း’

‘‌ဟျောင်း!!! ’

‘အဖြေပြန်ပေးလိုက်ပြီးနော်...သွားအိပ်တော့’

‘ဗျာ...ဘာဖြစ်တယ် အစ်ကို’

‘အိပ်တော့လို့’

‘မဟုတ်ဘူးလေ..အဲ့ရှေ့က..’

‘မင်းကြားလိုက်တဲ့အတိုင်းပဲ ကောင်လေး’

‘တကယ်လား...အစ်ကိုက ကျွန်တော့်ကို တကယ်...တကယ်ပြန်ချစ်မှာလား’

‘ချစ်စရာကောင်းမှနော်’

‘အာ..အဲ့တာမှဒုက္ခပဲ ကျွန်တော်ချစ်စရာကောင်းအောင်မလုပ်တတ်ဘူး’

ဒိုယောင်းကခြေထောက် ၂ ဖက်ကိုခုန်ဆွခုန်ဆွလုပ်နေပြီး လက်သည်းကိုကိုက်ရင်းစဉ်းစားနေသည်။

‘ရပါတယ်။ ဒီတိုင်းပဲနေပါ’

‘ရလား?’

‘အင်း..ဒီတိုင်းလည်းချစ်ဖို့ကောင်းပါတယ်’

ယိုရှိက ဒိုယောင်းကိုတည့်တည့်မကြည့်ဘဲ ပြောလိုက်သည်။ အသံကလည်းတိုးတိုးလေးနဲ့။

‘အစ်ကို’ 

ဒိုယောင်းက ယိုရှိရဲ့ပါးနှစ်ဖက်နဲ့လက်နဲ့အုပ်မိုးပြီး မျက်နှာကို သူနဲ့တည့်တည့်ဖြစ်အောင်
လှည့်လိုက်ပြီး ခေါ်လိုက်သည်။

‘အစ်ကိုနဲ့တွေ့ခွင့်ရခဲ့ရတာ ကျွန်တော့်အတွက် ဘယ်လောက်တောင်တန်ဖိုးရှိလဲဆိုတာ ပြောပြလို့တောင်မကုန်ဘူး’

‘ဒါပေမယ့် မင်းက ၇ နှစ်စောပြီးသ‌ဘောကျခဲ့တာဆိုတော့ အစ်ကိုလိုက်လို့မီပါ့မလား’

‘ဒါဆို အစ်ကိုက ၇ နှစ်စာ ပိုချစ်ပေးပေါ့’

ယိုရှိကခေါင်းညိမ့်ပြလိုက်တော့ ဒိုယောင်းကချက်ချင်းဖက်ထားလိုက်ပြီး ခန္ဓာကိုယ်ကိုဘယ်ညာလှုပ်နေသေးသည်။

‘လွှတ်ဦး..စောစောအိပ်ပါဆို..မနက်ဖြန် စောစောထရမှာကို’

‘မအိပ်ချင်တော့ဘူး...ဒါမှမဟုတ် အစ်ကိုနဲ့အတူတူအ..’

ယိုရှိက မျက်မှောင်ကျုံ့ပြီးကြည့်လိုက်တော့ ဒိုယောင်းကဆက်မပြောတော့ဘဲ တိတ်သွားသည်။

‘မနက်ဖြန်ကျောင်းလိုက်ပို့မယ်..အခုသွားအိပ်တော့...အစ်ကိုစာရေးဦးမယ်’

‘တကယ်လား’

‘အင်း တကယ်’

‘အိုးကေ...အိပ်ပြီနော်’

‘အင်း အိပ်’

ဒိုယောင်းက သူ့ပစ္စည်းကိရိယာတွေအကုန်သယ်သွားပြီး တစ်ဖက်အခန်းထဲဝင်သွားလိုက်သည်။ ယိုရှိကလည်း စောင်ကိုကောက်ယူလိုက်ပြီး စားပွဲကိုရှင်းလိုက်သည်။
ခဏနေတော့ ဒိုယောင်းက စားပွဲနားကိုပြန်ရောက်လာသည်။

‘ဘာလို့လဲ ဒိုယောင်း’

‘တစ်ခုမေ့ကျန်ခဲ့လို့’

‘ဘာကျန်’

*မွ*

‘ဒါလေ’

ဒိုယောင်းက ယိုရှိ့ပါးကို အမြန်နမ်းလိုက်ပြီး ရှက်ရှက်နဲ့အခန်းထဲပြန်ပြေးသွားတော့သည်။


----------------------- Heart Sketch -----------------------------

ပြီးပါတော့မယ်ကွယ်...တန်နန့်နန့်…….

တူဘီကိုတိမ်ညွန့်..






Heart Sketch (Yoshi x Doyoung)Where stories live. Discover now