(Zawgyi)
"ရှေ့မှာနှစ်ဝိုင်းပဲကျန်တော့တယ်အကို ၊ လူတော့ရှင်းပြီ ၊ ခဏနားလိုက်ပါဦးလား""ဟုတ်ပြီ ။ ကျန်တဲ့ဝိုင်းကိုသေချာလုပ်ပေးလိုက်နော်"
"ဟုတ်ကဲ့"
ဆိုင်က လူနည်းသွားသောကြောင့် စွဲမက်လည်း ခဏအနားယူလိုက်သည်။ ကောင်တာမှာ ထိုင်နေပြီး အပြင်ဘက်ဝိုင်းတွေကိုလိုက်တော့ နှစ်ဝိုင်းလောက်သာကျန်တော့၏။
စားသုံးသူတွေကလည်း အေးအေးအေးအေးစားသောက်နေကြသည်မို့ အလုပ်ရှုပ်စရာမရှိတော့။
နေ့လယ်၂နာရီထိုးပြီးဖြစ်သောကြောင့် လူလဲရှင်းသွားပြီးဖြစ်၏။
ခါတိုင်းအချိန်တွေဆို ဝန်ထမ်းလေးတွေသာလုပ်ပေမဲ့ အရမ်းလူများရင်တော့ စွဲမက် ကိုယ်တိုင်ပါ ဝင်ကူရ၏။
သူ၏ ထမင်းဆိုင်လေးသည် မြို့လယ်တွင်ရှိပြီး ဘေးနာတွင်လည်း ရုံးများ company များရှိသောကြောင့် နေ့လယ်ဆို လူအတော်ကျသည်။
လက်မလည်အောင်ကို ရောင်းရတာကြောင့်စွဲမက်လဲ သဘောကျသည်။
ဝါသနာပါရာ အလုပ်လေးမို့ တစိုက်မက်မက်ကြိုးစားတော့ အောင်မြင်တာလည်းပါ၏။
ယောကျာ်းလေးဆိုသော်လည်း ချက်ရပြုတ်ရတာကို သဘောကျနှစ်သက်သည့်အပြင် မြန်မာထမင်းဟင်းကိုလဲ ကြိုက်နှစ်သက်တာကြောင့် တခြားအစားအစာတွေကို မရောင်းဖြစ်ဘဲ မြန်မာထမင်းဟင်း သီးသန့်ကိုသာရောင်းဖြစ်၏။
ဆိုင်စဖွင့်ထားသည်မှာ ၃လလောက်သာရှိသေးသော်လည်း နေရာကောင်းတာရယ် ၊ အရသာရှိသည့်အစားအစာများကြောင့် စွဲမက်၏ ဆိုင်လေးမှာ ခဏအတွင်းပင်လူကြိုက်များလာသည်။
" အကိုရေ ၊ ရှေ့မှာ ကိုစွမ်းရည်ရောက်နေတယ်"
ဆိုင်ဝန်ထမ်းကောင်မလေး၏ စကားကြောင့် စွဲမက် ပျင်းတွဲနေရာက လန်းဆန်းသွားသလိုခံစားလိုက်ရ၏။
စွမ်းရည်တောင်ရောက်လာပြီလား။
"ဟုတ်ပြီ ၊ အကိုသွားလိုက်ဦးမယ်ဦး မွန်မွန် ၊ ကောင်တာမှာထိုင်လိုက်ဦး"