(Zawgyi)
သန်လျင်ကိုရောက်တော့ တော်တော်လေးမှောင်နေပြီ။ ရောက်ကတည်းက သူဌေးနှင့်အတူဆိုက်ထဲကပြဿနာကိုလိုက်ရှင်းနေရတာမို့ တော်တော်လေးကို ပင်ပန်းရသည်။တလျောက်လုံးကားမောင်းလာရပြီး ရောက်တော့လည်း မနားရဘဲ ပြဿနာဖြေရှင်းရတာမို့ ရေပြင်လဲ စိတ်ပင်ပန်းလူပင်ပန်းဖြစ်လာ၏။
"မင်းလဲ သွားနားတော့ ၊ မနက်မှ၈နာရီလောက်ပြန်မယ်"
"ဟုတ်ကဲ့ပါ"
Hotelရောက်တော့ သူလည်းအခန်းထဲဝင်ပြီးသက်ပြင်းချမိလိုက်၏။ တော်တော်လေးကို ပင်ပန်းနေပြီ။ ကားမောင်းရတာတော်တော်လေးကိုညောင်းတာပဲ။မနားဘဲတောက်လျောက်မောင်းရသေး။
မွေ့ရာပေါ်ပစ်လှဲလိုက်ပြီး ခဏလောက်မှောက်နေမိ၏။
အိစိစိမွေ့ရာကြီးကတော်တော်လေးကောင်းပေမဲ့ ရေပြင်တော့သဘောမကျပါ။
အိမ်က သူနဲ့စွဲမက်အတူအိပ်သည့် မွေ့ရာကြီးကမှ အိပ်လို့ကောင်းတာ။ သူ့အကြိုက်ဆုံး မွေ့ရာကြီး။
စွဲမက်ရဲ့ ကိုယ်သင်းရနံ့လေးတွေပြည့်နှက်နေတဲ့ မွေ့ရာလေး ၊ ခေါင်းအုံးလေးတွေ၊ စောင်လေးတွေ သူသိပ်ကြိုက်တာပဲ။
ရုတ်တရက် ဖုန်းဝင်လာမို့ ဘောင်းဘီအိတ်ထဲကထုတ်ကြည့်တော့ မွန်မွန်။
မွန်မွန်က ဘာကိစ္စသူ့ဆီဖုန်းဆက်တာလဲ။
"ဟယ်လို မွန်မွန် ၊ ဘာလို့လဲ"
"ကိုညီကိုမေးမလို့ ။ ကိုစွဲမက်သက်သာသွားပြီလား"
မွန်မွန်၏ စကားကြောင့်ရေပြင်ငေါက်ခနဲ့တောင် ထထိုင်မိသည့်အထိ။
စွဲမက်က ဘာကိုသက်သာတာလဲ ။
"စွဲမက်ဘာဖြစ်လို့လဲမွန်မွန်
"ဟယ် ကိုညီမသိဘူးလား ၊ ကိုစွဲမက်ဖျားနေတာလေ ။ ညနေကတောင် ကိုယ်တွေပူနေလို့အိမ်ပြန်လွှတ်လိုက်ရတယ် ၊ ဆေးခန်းသွားမယ်ဆိုတာကိုလဲ ခေါင်းမာတယ်လေ မသွားဘူး"
"ဟာ ငါအခုအိမ်မှာမဟုတ်ဘူးဟ ၊ သန်လျင်ရောက်နေတာ"
"ဟမ် ဒါဆိုသူတစ်ယောက်တည်းပေါ့။ မွန်မွန်က ကိုညီရှိတယ်ဆိုပြီးစိတ်အေးနေတာ ၊ အခုဖုန်းဆက်ကြည့်တာ ဖုန်းမကိုင်လို့ အိပ်ပျော်နေတာထင်တယ်ဆိုပြီး အခြေအနေမေးရအောင် ကိုညီကိုလှမ်းဆက်လိုက်တာ"