(Zawgyi)
"အမေ"အခန်းထဲဝင်လိုက်သည်နှင့် အမေက သူ့ကိုလှည့်ကြည့်လာသည်။ အနွေးထည်လေးဝတ်ထားပြီးငြိမ်ငြိမ်လေးထိုင်နေသည့် အမေကသူ့ကိုမြင်တော့ ပြုံးပြလာသည်။
တော်ပါသေးတယ် အမေကပြန်ကောင်းလာလို့။
အနားကိုသွားကာ အမေ့ရှေ့မှာဒူးထောက်ထိုင်ကာ လက်လေးကိုဆုပ်ကိုင်ထားမိသည်။အမေ့ပေါင်ပေါ်မေးလေးတင်တော့ အမေ့ကသူ့ခေါင်းလေးကိုဖွဖွပွတ်သပ်ပေးလာ၏။
"သား"
"အမေ ကျွန်တော်အမေပြောသလို စွဲမက်နဲ့လဲလမ်းခွဲလိုက်ပြီ၊သူလဲကျွန်တော့် အနားကထွက်သွားပြီ"
အမေက သူ့ကိုဘာမှပြန်မပြောဘဲ ပြုံးပြုံးလေးသာကြည့်နေ၏။ အမေ့ပေါ်ပေါ်ခေါင်းလေးတင်ကာ အမေ့လက်လေးကိုဖွဖွနမ်းကာ။
"ကိစ္စတွေအားလုံးပြီးရင် ဒီကနေထွက်သွားရအောင်နော် ၊ ကျွန်တော်တို့သားအမိရယ် ၊ ကြီးကြီးလှတို့လင်မယားရယ် ၊ တခြားအေးချမ်းတဲ့နေရာလေးမှာသွားနေကြမယ်"
"သား တကယ်လား ၊ သားရဲ့ အလုပ်တွေကရော"
"ကျွန်တော်မှာ စုဆောင်းထားတာလေးတွေရှိပါတယ်အမေရဲ့ ၊ အဖိုးက ကျွန်တော်တို့ကိုဘာမှမပေးရင်တောင် အမေ့ကိုကျွန်တော်ရှာကျွေးနိုင်တယ်၊ အရင်းအနှီးလေးနဲ့ လုပ်ငန်းလေးတစ်ခုလုပ်မယ် အမေ့ကိုတစ်သက်လုံးစောင့်ရှက်ပေးမယ်"
တွေးကြည့်ရုံလေးနဲ့တင်ကြည်နူးမိပါသည်။ ချစ်ရသူကို စွန့်လွှတ်လိုက်ရသော်လည်း အမေ့အတွက်မို့ သူသည်းခံကာ နှလုံးသားဒဏ်ရာကျက်အောင်ကြိုးစားရမည်။
"သားက အိမ်ထောင်မပြုတော့ဘူးလား"
အမေ့စကားကြောင့် သူမော့ကြည့်မိ၏။ အမေ့မျက်နှာလေးပေါ်မှာ သနပ်ခါးပါးကွက်ကြားလေးနေရာယူထားသည်။ ဆံပင်လေးကိုလဲသေခစီးနှောင်ထား၏။
အမေက အမြဲတမ်းနုပျိုနေဆဲ။
"ဒီတစ်သက်တော့ အိမ်ထောင်မပြုတော့ပါဘူးအမေရယ် ၊ လူပျိုကြီးလုပ်ပြီး အမေ့ကိုပဲစောင့်ရှောက်သွားတော့မယ် မကောင်းဘူးလား"