(Zawgyi)
စွဲမက်ရဲ့ဆိုင်က ပြန်ရောက်တော့ ပင်ပန်းတာကြောင့် အပေါ်တက်ပြီး အခန်းထဲဝင်လိုက်သည်။မနက်ကတည်းက ထပြီး စွဲမက်များ ဆိုင်ရောက်နေမလားဆိုပြီးထွက်လာတာ။တကယ်တမ်းစွဲမက်ကရောက်မလာ။
ဖုန်းကြိုဆက်မေးလို့ရပေမဲ့ သူတမင်မဆက်ဖြစ်တာ။ စွဲမက်သူ့ကို မြင်ရင် အံ့သြသွားတာလေးကိုလိုချင်လို့။
ပြီးတော့ စွဲမက်ရဲ့ ဖုန်းကို တခြားတစ်ယောက်ဖြေမှာကို စွမ်းရည်မခံနိုင်။
သူအမြဲစာကြည့်ခဲ့သည့် စားပွဲဝိုင်းလေးကထိုင်ခုံလေးမှာသွားထိုင်ပြီး ခတ္တမျှအတွေးတွေ များနေဆဲ။
အံဆွဲထဲက albums တစ်ခုကိုထုတ်ပြီး ဖွင့်ကြည့်လိုက်တော့ သူငယ်ချင်း၃ယောက်ပုံ။
အဖြူအစိမ်းကျောင်းစိမ်းလေးတွေနှင့်ချစ်စရာလေးတွေချည်း။
၆တန်းကတည်းကသူတို့စတွေ့ခဲ့ကြသည်။ စွဲမက်နှင့် ရေပြင်က တိုက်တိုက်ဆိုင်ဆိုင် တစ်နေ့တည်းကျောင်းပြောင်းလာသည့်သူတို့နှစ်ယောက်။
သူငယ်ချင်းမရှိသေးတာမို့ သူလည်းစွဲမက်တို့နှင့်သူငယ်ချင်းလုပ်ခဲ့သည်။ ၃ယောက်သား စိတ်တူကိုယ်တူနှင့် ဘယ်သူဘာလာပြောပြော စိတ်မယိုင်သည့် အကောင်းဆုံးသူငယ်ချင်းများဖြစ်ခဲ့၏။
သူ့မှာက မိဘတွေရှိသေးသည်။ ပြည်ပမှာမို့ ဦးလေးနှင့်သာအတူနေရသည်။ စွဲမက်ကတော့ အဲ့လိုမဟုတ်။
ငယ်ငယ်ကတည်းက မိဘတွေဆုံးသွားတာကြောင့် အဒေါ်လင်မယားနှင့်အတူနေရ၏။ အသက်တွေကြီးလာ ၊ ဘွဲ့တွေရတော့ စွဲမက်က တခြားအလုပ်ကိုစိတ်မဝင်စားဘဲ ထမင်းဆိုင်လေးသာဖွင့်ချင်ကြောင်းသူ့ကိုပြောလာတာမို့ ကူညီပေးခဲ့သည်။
မိဘတွေပိုင်ဆိုင်ထားတဲ့ အမွေတွေ လုပ်ငန်းတွေက တစ်သက်စာ စားလောက်ပေမဲ့ စွဲမက်တော့ အဒေါ်လင်မယားကိုသာအပ်နှံထား၏။
သူအလိုရှိမှ ထုတ်ယူပါ့မယ်ဆိုတဲ့ စွဲမက်ရဲ့စကား။ သဘောကောင်းလွန်းပြီး လူတိုင်းကို အကောင်းမြင်လွန်းတဲ့ စွဲမက်ကြောင့်သူ့မှာအမြဲတမ်းစိုးရိမ်ရသည်။