(Zawgyi)
ဒီနေ့ စွဲမက်ဆီကိုသွားဖို့အတွက် ပြင်ဆင်နေမိသည်။ ဦးလေးဆိုင်ကိုသွားတာမို့ စွမ်းရည်လွတ်လပ်နေ၏။ဆံပင်ခပ်ကောက်ကောက်လေးလို သေချာလေးသပ်တင်လိုက်ပြီး တီရှပ်လေးအဖြူလေးနှင့် နက်ပြာရောင် crop pant လေးကိုတွဲဖက်ဝင်လိုက်သည်။
ဖုန်းနှင့်ကားသော့ကိုယူကာ အောက်ထပ်ဆင်းလာတော့ အန်တီမေကအိမ်ထဲမရှိတာမို့ အပြင်ဘက်ထွက်ရင်း ခြံထဲလှမ်းကြည့်လိုက်သည်။
စိမ်းစိုနေသည့် ခြံလေးထဲ ပန်းပင်တွေရှိ၏။သစ်ခွပန်းအမျိုးမျိုး ၊ နှင်းဆီအမျိုးမျိုး ကိုပါစိုက်ပျိုးထားတာမို့ အမြဲတမ်း ပန်းရနံ့လေးတွေကို ရှူရှိုက်မိ၏။
ပန်းခူးနေသည့်အန်တီမေကြောင့် အနားသွားတော့ သူ့ကိုသတိမထားပုံ။
နှင်းဆီနီရဲရဲလေးကိုကတ်ကြေးလေးနှင့် ညှပ်နေပြီး ဘုရားပန်းတင်ရန်ဖြစ်မည်။
"အန်တီမေ"
"ဟေ"
လှည့်ကြည့်လာသည့် အန်တီမေက လန့်သွားပုံရ၏။ ပြီးမှ စွမ်းရည်ကိုကြည့်ကာ ခပ်ပြုံးပြုံးနှင့်။
"ဘယ်သွားမလို့ စွမ်းရည် ၊ မင်းဦးလေးဆီလား"
"စွဲမက်ဆီကိုပါ ၊ သူ့ဆီသွားပြီးထမင်းစားမလို့"
"ဒါဖြင့် အိမ်မှာမစားတော့ဘူးပေါ့"
"ဟုတ်တယ် ညကျမှစားမယ်လေနော်"
"ဟုတ်ပါပြီရှင် သွားပါသွားပါ"
အန်တီမေကို ရယ်ကျဲကျဲလုပ်ရင်း ကားနှင့်ခြံထဲမှထွက်လာခဲ့သည်။ စွဲမက်က ဒီနေ့သူ့အတွက်သီးသန့်ချက်ပေးမည်ဆို၍ ဆိုင်မသွားဘဲ အိမ်ကိုသာမောင်းလိုက်၏။
♥️ ♥️ ♥️ ♥️ ♥️ ♥️ ♥️
အိမ်ရှေ့ရောက်တော့ bell တီးပြီးသိပ်မကြာ တံခါးဖွင့်လာသည်။
တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့်မျက်နှာလေးကြောင့် သူပြုံးမိ၏။
အေပရွန်လေးဝတ်ထားပြီး တီရှပ်ကလေးနှင့်စွဲမက်က လူကြီးဆန်ဆန်လေးကြည့်ကောင်းနေတာမို့ ငေးမောမိတော့ ရယ်သံတိုးတိုးလေးထွက်လာ၏။
![](https://img.wattpad.com/cover/285342083-288-k671348.jpg)