(Zawgyi)
ရေပြင်ကလည်း အလုပ်သွားပြီး စွမ်းရည်ကလည်း အလုပ်ရနေပြီမို့ စွဲမက် ပျင်းမနေတော့ဘဲ တစ်နေ့လုံးဆိုင်ကိုသာသွားနေလိုက်သည်။မနက်ကတည်းကသွားပြီး တစ်နေ့လုံး မွန်မွန်တို့နဲ့အတူ အလုပ်ထဲသာစိတ်နှစ်ထားလိုက်၏။
နေ့လယ်ထမင်းစားချိန်ဆိုလက်မလည်အောင်လူများတာမို့ တော်တော်လေးအလုပ်ရှုပ်သည်။
ဘေးပတ်လည်မှာလည်း ရုံးတွေ ၊ Company တွေကအများကြီးမို့ အများစုက နေ့လယ်စာကိုစွဲမက်ဆိုင်ကိုသာလာစားတတ်သည်။
ဆိုင်ကအတော်ကျယ်ဝန်းပြီး ဝိုင်းတွေလည်းများတာမို့နေရာအခက်အခဲမရှိပါ။ထို့အပြင် room တွေလည်းရှိသေးတာမို့ မိသာစုလိုက်အေးအေးဆေးဆေးစားချင်သူတွေအတွက် ပိုအဆင်ပြေသည်။
တစ်နေ့လုံးပင်ပန်းပြီးသည့်နောက်မှာတော့ ညတောင်ရောက်နေပြီ။ ဆိုင်က ၁၀နာရီဆိုပိတ်တတ်တာမို့ စွဲမက်လည်းအာရုံများပြီး အိမ်ပြန်ဖို့တောင်မေ့သွားသည့်အထိ။
"နောက်ကျနေပြီကိုစွဲမက်ရေ မပြန်သေးဘူးလား"
မွန့်မွန့်စကားကြောင့် ဖုန်းနှင့်ကားသော့ကိုယူကာ အခန်းထဲကထွက်လာလိုက်ကာဖြင့်။
"သွားတော့မယ်မွန်မွန် ၊ ဖြိုးသက်ရော "
"ရှိတယ် ၊ သူလဲသိမ်းစရာရှိတာသိမ်းနေတာ"
"ပြန်လိုက်ပို့ပေးမယ်လေနှစ်ယောက်စလုံးကို ၊ လာကြ"
"ရပါတယ်ကိုစွဲမက်ရယ် ၊ ကိုယ့်ဘာသာပြန်တာ ၊ ကိုစွဲမက်ကိုကြည့်ရတာပိန်လာသလိုပဲ၊ ကျန်းမာရေးဂရုစိုက်ဦးနော်"
"သိပါတယ်ကွာ ၊ ကဲ ငါလိုက်ပို့ပေးမယ် ၊ ခုချိန် taxi တွေက စိတ်မချရဘူး"
နောက်ဆုံးတော့လည်းသူ့စကားကိုမနိင်တော့မွန်မွန်နဲ့ဖြိုးသက်လည်းလက်ခံလိုက်ရသည်။
ဆိုင်ထဲမှာက ညစောင့်ဖို့အတွက်လူတွေကျန်ခဲ့သေးသည်။ ဝန်ထမ်းတွေကို အလှည့်ကျခွဲပြီး နေ့ဆိုင်းညဆိုင်းဆင်စေတာမို့ စိတ်မပူရ။
ညပိုင်းနေရသော်လည်း အလုပ်လုပ်နေရတာမျိုးမဟုတ်ပါ။ အလုပ်သမားတွေနေဖို့အတွက်သီးသန့်အခန်းကရှိပြီးသားမို့ အိပ်စောင့်တာမျိုးဖြစ်သည်။