Chapter (157) - သားကောင်များ

594 166 3
                                    

Chapter (157) - သားကောင်များ


လေထဲမှာ အပုပ်နံ့တွေလွင့်ပျံနေပြီး တတိယအဆောင်နားကို နီးလာလေ အပုပ်နံ့က ပိုပြင်းထန်လာလေဖြစ်သည်။ ဒုတိယနဲ့ တတိယအဆောင်ရဲ့ စင်္ကြန်ကို စတီးတံခါးဖြင့်ပိုင်းခြားကာ သော့ခတ်ထားသည်။

တံခါးအဟကြားကနေ Chen Ge ချောင်းကြည့်လိုက်တော့ စားပွဲတွေ၊ ကုလားထိုင်တွေက မှောက်လဲနေပြီး စင်္ကြန်လမ်းထဲမှာ အိပ်ယာခင်းတွေက တစ်ခုခုကိုဖုံးထားသလို ခပ်ဖောင်းဖောင်းဖြစ်နေတာ တွေ့လိုက်ရသည်။

Chen Ge က သံချေးတက်နေသည့်သော့ကို တစ်ချက်စစ်ဆေးကြည့်လိုက်တော့ ၂ထပ်ခတ်ရသောသော့ ဖြစ်နေသည်။ စိတ်ရောဂါကုဆေးရုံအများစုမှာ လူနာတွေစိတ်ဖောက်ပြီး တစ်ခုခုဖြစ်သွားခဲ့ရင် ရုတ်တရက် အပြင်ထွက်မသွားနိုင်ဖို့ ၂ဆင့်ခတ်ရသည့်သော့ကို သုံးလေ့ရှိသည်။

Chen Ge က ဝမ်ဟိုင်မင်၏အလစ်မှာ အိတ်ထဲကနှိုက်လာတဲ့သော့ကို ထုတ်ကာ သော့ပေါက်ထဲ ထည့်ကြည့်လိုက်တော့ အံဝင်ဂွင်ကျဖြစ်နေသည်။ ဒါပေမယ့် ဒီသော့ခလောက်က ကြာမြင့်စွာခတ်ထားလို့ အထဲက သံချေးတက်ကာ သော့က ဖွင့်လို့မရပေမယ့် အတော်ကြိုးစားလိုက်တော့ သော့ခလောက်ပွင့်သွားသည်။

"ဒီသော့က ကွက်တိဖြစ်တာ အရမ်းကံကောင်းတာပဲဆိုတာ ငါသိတယ်.."

သော့ခလောက်ကို ဖွင့်လိုက်ပြီး သော့ကို အိတ်ထဲပြန်ထည့်ထားလိုက်သည်။ ဆေးရုံထဲကိုဝင်လာစဉ် သော့ခတ်ထားသည့်လူနာခန်းတွေက သော့ခလောက်အသေးဖြင့်သာ ခတ်ထားခဲ့ပြီး ထိုအတွက် သော့အသေးလေးကိုသာ လိုအပ်လိမ့်မည်။

ဝမ်ဟိုင်မင်က သော့ကို တတိယနာမကျန်းခန်းမဆောင်က ယူလာတယ်ဆိုတော့..

ဒီတတိယအဆောင်ထဲက အခန်းတစ်ခန်းနဲ့ သေချာပေါက် ကိုက်နိုင်လောက်သည်။ ဒီအခန်း 10 ခန်းမှာ 9 ခန်းကပဲ လူနာရှိတယ်ဆိုတော့ ဝမ်ဟိုင်မင်က လူမရှိတဲ့တတိယအခန်းက ဖြစ်နိုင်မလား..။ ဒီသံသယကို Chen Ge အတည်မပြုနိုင်သေးပေ။

ဒေါက်တာကောင်း၏ မှတ်တမ်းအရ တတိယလူနာခန်းမှာ ဘယ်သူမှမရှိပေ။ ဝမ်ဟိုင်မင်က မှတ်တမ်းအားလုံးကို ဖျက်ဖို့အချိန်မရတာမျိုး ဖြစ်နိုင်မလား..။

ဒီဆေးရုံရဲ့ လျှို့ဝှက်ချက်က နက်နဲလှလို့ လွန်ခဲ့တဲ့၅နှစ်က ဘာဖြစ်ခဲ့သလဲဆိုတာကို သူ စိတ်မဝင်စားပေ။ ပျောက်သွားတဲ့သူ့မိဘတွေနဲ့ ပတ်သက်တဲ့ သဲလွန်စကိုပဲ သူရှာတွေ့ချင်သည်။ သူ့မိဘတွေချန်ခဲ့တဲ့ ပိတ်ထားတဲ့တံခါးကိုသွားတဲ့ လမ်းကြောင်းကိုပဲ တွေ့ချင်သည်။

Chen Ge က တတိယအဆောင်ထဲ သတိနှင့်ဝင်လာရင်း ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည်။

"အစောပိုင်း ငါတွေ့လိုက်တဲ့လူက ဒီလူနာခန်းတစ်ခုခုထဲမှာ ပုန်းနေလောက်တယ်.."

စင်္ကြန်အဆုံးက အခန်းတစ်ခန်းရှေ့မှာ Chen Ge ဘာရယ်မသိ ရပ်လိုက်မိသည်။ ထိုအခန်းထဲက ပြင်းထန်သောမှိုနဲ့တွေ လွင့်ပျံထွက်လာပြီး ထိုတံခါးကို တခြားအခန်းနဲ့ ကွဲပြားစွာ သော့ခလောက်အသစ်ဖြင့် ခတ်ထားတာ တွေ့လိုက်ရသည်။

ဒီသော့က ပထမလူနာဆောင်မှာ ခတ်လိုက်တဲ့သော့နဲ့ တူနေသည်။ Chen Ge က အိတ်ထဲကသော့နဲ့ စမ်းဖွင့်ကြည့်ပေမယ့် အဆင်မပြေပေ။ သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကာ ဘယ်သူမှမရှိတာသေချာတော့ လက်ထဲကသံတူနှင့် သော့ကိုရိုက်ချိုးလိုက်သည်။

"တော်သေးတာက ဒါက သစ်သားတံခါးဖြစ်နေလို့.. စတီးတံခါးသာဆိုရင် ငါလည်း ရိုက်ဖျက်လို့ရမှာမဟုတ်ဘူး.."

သော့ကိုဖျက်ပြီး တံခါးဖွင့်လိုက်တော့ အခန်းလေးထဲမှာ အိပ်ယာခင်းနဲ့ လူနာအဝတ်အစားတွေကို တောင်လိုပုံနေတာ တွေ့လိုက်ရသည်။

"ဒါက ဒုတိယအဆောင်က လူနာတွေရဲ့ အဝတ်လျှော်ခန်းဖြစ်လောက်တယ်.."

Chen Ge က ရင်ဘတ်ကင်မရာကနေ မြင်သမျှကို မှတ်တမ်းတင်ပြီး တွေ့သမျှကို အသံထွက်ကာ ရှင်းပြလိုက်သည်။ အန္တရာယ်များတဲ့ပတ်ဝန်းကျင်ကြောင့် ကြည့်ရှုသူတွေနဲ့ အပြန်အလှန်စကားမပြောဝံ့ဘဲ ပတ်ဝန်းကျင်ကို သတိထားနေရသည်။ အဆောင်ထဲကမှိုနံ့တွေကြောင့် Chen Ge က နေရတာ မသက်မသာဖြစ်လာပေမယ့် စိတ်ကိုထိန်းကာ ဆက်လက်လျှောက်ဝင်လာခဲ့သည်။

အခန်းက ကျယ်ပြီး နံရံဘေးမှာ အဝတ်လျှော်စက်တွေ စီချထားကာ ပိုးသတ်သည့်စက်လည်းရှိသည်။ Chen Ge က ညစ်ပတ်နေသော အိပ်ယာခင်းအဟောင်းနဲ့ အဝတ်ပုံကို စိုက်ကြည့်လိုက်သည်။

"ဒီအခန်းက ပုံမှန်အဝတ်လျှော်ခန်းလိုပဲ.. ဒါပေမယ့် ဘာကြောင့် သော့ခတ်ထားရတာလဲ.."

Chen Ge က အသက်အောင့်ကာ အဝတ်ပုံအောက်ကို တူနှင့်ထိုးလှန်ရင်း ပြောလိုက်သည်။

"ဒီအောက်မှာ တစ်ခုခုဝှက်ထားမယ်လို့ ကျွန်တော်ထင်တယ်.."

သူက အဝတ်ပုံအောက် ထိုးမွှေလှန်ရင်း မာကျောသောအရာတစ်ခုကို ရိုက်လိုက်မိသံထွက်လာသည်။

"သံလှောင်ချိုင့်လား.."

Chen Ge က ဖုံးကွယ်ထားသော အိပ်ယာခင်းတွေကို ဆွဲလှန်လိုက်စဉ် သံလှောင်ချိုင့်တစ်ခု ပေါ်လာပြီး ထိုထဲမှာ ခေါင်းကိုရိတ်ခံထားရသည့် မိန်းကလေးတစ်ယောက်ကို ပိတ်ထားတာ တွေ့လိုက်ရသည်။ သူမပါးစပ်ကို ညစ်ပတ်သောခေါင်းစွပ်ဖြင့် ဆို့ထားပြီး လက်တွေကို ကြိုးချည်ထားသည်။ သူမက စိတ်မတည်မငြိမ်ဖြစ်နေပြီး လက်ဝှေ့ယမ်းကာ ခေါင်းကိုဆက်တိုက်ယမ်းနေသည်။ သူမခြေထောက်က သံလှောင်ချိုင့်ကို ဆက်တိုက်ကန်နေသည်။

Chen Ge ကြောင်အသွားမိသည်။ သူက သဘာဝလွန်ဖြစ်ရပ်မှန်ကို live လွှင့်နေတာဖြစ်ပြီး ခုလို လူအရှင်လတ်လတ်ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

ထုတ်လွှင့်မှုကိုကြည့်နေသည့် ပရိသတ်တွေက မထင်မှတ်ထားသည့်ဖြစ်ရပ်ကြောင့် ပေါက်ကွဲထွက်သလို comment တွေပလူပျံအောင် ရေးခဲ့ကြသည်။

Chen Ge လည်း နောက်ကိုဆုတ်ကာ အဝတ်လျှော်ခန်းတံခါးကို သွားပိတ်ကာ အဝတ်လျှော်စက်တစ်လုံးကို တွန်းရွှေ့ကာ တံခါးကို အလွယ်တကူဖွင့်လို့မရအောင် ပိတ်ဆို့ထားလိုက်သည်။ ပြီးတော့မှ သံလှောင်ချိုင့်နားတိုးကပ်ကာ မေးလိုက်သည်။

"မင်း ငါပြောတာကို နားလည်သလား.."

ဒါပေမယ့် အမျိုးသမီးလေးက သူ့ကိုစိုက်ကြည့်ကာ စကားပြောဖို့ငြင်းဆန်နေလို့ ဆက်သွယ်မရဖြစ်နေသည်။

"ဒီမိန်းကလေးရဲ့ကိုယ်က ဒဏ်ရာမရှိသလို နှုတ်ခမ်းမှာ ပိုးသတ်ဆေးအဆီကို မတွေ့ရဘူး.. ဒီမိန်းကလေးက ပထမအဆောင်က တရွတ်တိုက်ဆွဲခေါ်သွားခံရတဲ့သူ မဖြစ်နိုင်ဘူး.. သူက တခြားတစ်ယောက်ပဲ.. ဒီမှာ လူတချို့ရှိနေနိုင်တယ်.."

Chen Ge က အဝတ်လျှော်ခန်းထဲက နံစော်နေသည့်အဝတ်တွေကို ဖယ်ကြည့်တော့ နောက်ထပ် သံလှောင်ချိုင့်၂ခု ထပ်တွေ့လိုက်ရသည်။ ဒီသံလှောင်ချိုင့်၃ခုကို စိတ်ရောဂါကုဆေးရုံထဲ ဘာကြောင့်ထည့်ထားပြီး '品' ပုံစံ ဘာကြောင့်ထားသလဲဆိုတာ မသိတော့ပေ။

မိန်းကလေးကိုထည့်ထားသည့် သံလှောင်ချိုင့်က အလယ်ကဖြစ်ပြီး ဘယ်ဘက်ဘေးတွင် အသက် ၇၀ အရွယ် ဆံပင်ဖြူနေသည့် အဖိုးကြီးတစ်ယောက်ကို လှောင်ထားသည်။ ထိုအဖိုးကြီး၏နှုတ်ခမ်းနဲ့လက်မှာ အဆီတွေကို တွေ့လိုက်ရသည်။ ညာဘက်ကလှောင်ချိုင့်ထဲမှာ သက်လတ်ပိုင်းလူတစ်ယောက်ရှိကာ သူ့ပုံစံက နေမမြင်ရတာ အတော်ကြာနေသည့်ပုံပေါ်သည်။ ဒီလူကပဲ Chen Ge ကို ကြောက်ရွံ့စွာ၊ စက်ဆုပ်စွာ စိုက်ကြည့်နေသည်။

"သားကောင် ၃ ကောင်.."

ဒီအရာကြီးက Chen Ge လုံးဝမမျှော်လင့်ထားသော ဖြစ်ရပ်ကြီးဖြစ်ကာ သူက တူကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သံလှောင်ချိုင့်၃ခုမှ ဝေးရာကိုဆုတ်ခဲ့သည်။

အန္တရာယ်ရှိသောအခြေအနေတစ်ခုမှာ သူစိမ်းတွေကိုဆုံခဲ့ရင် သူတို့နဲ့ခပ်ခွာခွာနေပြီး သူတို့ပြောတာမယုံတာ အကောင်းဆုံးဖြစ်သည်။ ၃ယောက်ထဲမှာ တကယ့်လူသတ်သမားက ပုန်းကွယ်နေလောက်သည်။

Chen Ge က သံလှောင်ချိုင့်၃ခုကို ဖြည်းညှင်းစွာလှည့်ပတ်ကြည့်လိုက်သည်။ ဒီလှောင်ချိုင့်က လူကိုလှောင်ဖို့မဟုတ်ပေ။ လူသားကိုထည့်ပိတ်ထားရင် မလှုပ်ရှားနိုင်တော့ပေ။

"လှောင်ချိုင့်၃ခု.. ဒါပေမယ့် မိန်းကလေးကိုပဲ ပါးစပ်ဆို့ပြီး ကြိုးတုပ်ထားတယ်.. ဒီမှာပေါ်လာတဲ့မေးခွန်းက ၃ ယောက်ထဲမှာ ဘာကြောင့် အားအနည်းဆုံးမိန်းကလေးကိုပဲ ဒီလိုလုပ်ထားတာလဲ.."

အဖိုးအိုက ဘာအမူအယာမှမရှိပေမယ့် သက်လတ်ပိုင်းယောက်ျားအမူအယာက ပြောင်းလဲနေသည်။ ဒါပေမယ့် သူတို့ကို ချည်နှောင်ပါးစပ်ဆို့ထားတာ မရှိပေမယ့် Chen Ge ကို အကူညီလှမ်းမတောင်းခဲ့ကြပေ။ သူတို့က သံလှောင်ချိုင့်ထဲထိုင်နေပြီး Chen Ge ကို စိုက်ပဲကြည့်နေကြသည်။

ပေါက်ကွဲထွက်နေသည့် ကြည့်ရှုသူတွေနဲ့စာရင် Chen Ge က တည်ငြိမ်နေသည်။

"ခင်ဗျားတို့ ဒီမှာ ထိန်းသိမ်းခံရတာ ဘယ်လောက်ကြာနေပြီလဲ.."

သူက သံလှောင်ချိုင့်၃ခုရှေ့မှာ ရပ်ကာ မေးလိုက်သည်။


****-****\





သရဲအိမ္ထဲမွ ဖူးစာရွင္Onde histórias criam vida. Descubra agora