၃၄

13.2K 1.9K 63
                                    

Unicode

မင်းရဲ့ဝတ်စုံကို လဲဖို့မလိုပါဘူး

စစ်တပ်ဌာနချုပ်၌ လုထောင်၏တည်ရှိမှုသည်ကား မျက်စိကျိန်းလောက်အောင် တောက်ပလွန်းသော ပုံရိပ်မျိုးဖြစ်ရလေသည်။ အလုပ်ဝင်ခါစ သာမန်စစ်သားဘဝမှ ယခုဗိုလ်ချုပ်ဖြစ်လာသည်အထိ ငါးနှစ်တာဟူသော အချိန်အတောအတွင်းတွင် သူ၏စွမ်းဆောင်မှုများသည်ကား စံချိန်သစ်တင်နိုင်ခဲ့ပေ၏။ လုထောင်၏အကြီးမြတ်ဆုံးသော အောင်မြင်မှုမှာ ကမ္ဘာငယ်တစ်ခုအား ဆက်လက်ရှင်သန်နိုင်အောင် ကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်၍ အကျော်ကြားဆုံးသော တိုက်ပွဲမှတ်တမ်းမှာ သမန်းဝံပုလွေရာချီအား ကိုယ်ပိုင်နည်းလမ်းဖြင့် အမြစ်ဖြတ်သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်ရသည်ပင်။ စစ်ပွဲအောင်မြင်သည့်အခါတိုင်း အင်ပါယာကမ္ဘာမှ သတင်းစာများ၏ ခေါင်းစီးထက်တွင် ဗိုလ်ချုပ်လုထောင်အကြောင်းများကို ဖောဖောသီသီ ဖော်ပြလေ့ရှိကြပေ၏။ သို့ဖြစ်၍ လုထောင်က မိမိကမ္ဘာဆီသို့ မကြာခဏပြန်လာခြင်း မရှိခဲ့သည့်တိုင် သူ့အား မသိသူက မရှိသလောက် နည်းပါးရခြင်း ဖြစ်လေသည်။

ထို့အပြင် သူ၏ခန့်ညားသော အသွင်အပြင်ကြောင့် အမျိုးသမီးများကလည်း သူ့အား စိတ်ဝင်စားကြသေး၏။ အထူးသဖြင့် လုထောင်၏စစ်တပ်ယူနီဖောင်းနှင့် ဓာတ်ပုံအား မြင်ကြသောအခါ ပို၍ လူကြိုက်များလာရခြင်း ဖြစ်လေသည်။ မျက်ခုံးမွှေးထူထူ နှင့် အေးစက်စက်မျက်နှာပေးပုံစံက မြင်ရသူ မိန်းမပျိုအပေါင်း၏ အသဲနှလုံးအား တဖြုတ်ဖြုတ်ကြွေစေသည်အထိ လှုပ်ခတ်နိုင်စွမ်း ရှိဟန်တူ၏။ ရံဖန်ရံခါ နာမည်ကြီး အမျိုးသမီးဆယ်လီ အချို့ကလည်း မိမိတို့၏ စိတ်ကူးထဲမှ Type မှာ လုထောင်ကဲ့သို့ ပုံစံဖြစ်ကြောင်း အတိအလင်း ပြောဆိုလာကြသေးသည်။ ထို့အပြင် မိန်းမပျိုများ အချင်းချင်းကြား၌ လုထောင်၏အကြောင်းများနှင့် နေ့စဉ်ပုံရိပ်များအား မျှဝေရန်အတွက် သီးသန့်ဖွဲ့ထားသော ဖန်ဂရုတစ်ခုကလည်း တည်ရှိနေသေးသည်ပင်။

လုထောင်သည် မိမိက လက်ထပ်လိုက်ပြီ ဖြစ်ကြောင်းကို ပုံမှန်အင်တာဗျူးတစ်ခု၌ ကိုယ်တိုင် ပြောပြလာခဲ့ခြင်း ဖြစ်ပေ၏။ သို့သော် သူသည် တစ်ဖက်လူမှာ မည်သူမည်ဝါဖြစ်ကြောင်း မပြောဆိုခဲ့ရုံသာမက အမျိုးသမီးလား ရှားပါးမျိုးစိတ်လား ကိုလည်း ပြောမပြခဲ့ပါချေ။ တချို့တက်သစ်စ သတင်းစာအချို့သည် ၎င်းသတင်းအား အကြီးအကျယ် ဖြစ်စေချင်သောကြောင့် ဆက်လက်စုံစမ်းခဲ့သော်ငြား အသုံးဝင်သော အချက်အလက်ကို မရရှိနိုင်ခဲ့။

Application For Divorce  [ 离婚申请 ] Where stories live. Discover now