၇၅

13.4K 2.1K 144
                                    

Unicode

အိမ်ကို ပြန်လာတဲ့သူက ကိုယ်မဖြစ်သင့်ဘူးလား?

ချန်းရွှီသည် ညီဖြစ်သူအနေဖြင့် မိမိတို့နှစ်ဦးသား၏ စကားဝိုင်းအား မည်မျှအထိ ကြားခဲ့ပြီးကြောင်း မသိသည့်တိုင် တစ်ဖက်လူ၏ ခံစားချက်မဲ့နေသူတစ်ယောက်ကဲ့သို့ အသိစိတ်လွတ်နေပုံကို တွေ့ရသောအခါ အခြားဘာမျှတွေးပူ မနေနိုင်တော့ပါဘဲ ချန်းကျန်းကိုသာ ရုတ်တရက် ကရုဏာသက်မိ သွားရလေသည်။

ထို့နောက် အဖေဖြစ်သူအနေဖြင့် ထိုကဲ့သို့ စိတ်လိုက်မာန်ပါလုပ်ရပ်မျိုး နောက်ထပ် ဘယ်သောအခါမှ မပြုလုပ်ရန် သုံးယောက်သား သဘောတူညီမှု ယူပြီးနောက်တွင် ချန်းရွှီသည် ချန်းကျင်းနှင့်အတူ လူနာဆောင်မှ ထွက်လာခဲ့၏။

အင်ပါယာကမ္ဘာသည်ကား လူဦးရေနည်းပါး၍ ဧရိယာကျယ်ဝန်းသော ကမ္ဘာတစ်ခုဖြစ်သောကြောင့် လူကုန်ထံ အသိုင်းအဝိုင်းတို့ စုံစည်းရာ မြို့လယ်ခေါင်မှအပ အခြားသော နေရာများတွင် လူကူကင်းရှင်းတတ်သည်။ အထူးသဖြင့် ဤကဲ့သို့ သာမန်ဆေးရုံမျိုးမှာ ပို၍ ဝေးလံကာ လူခေါင်တတ်ပေ၏။ ချန်းရွှီသည် ညီဖြစ်သူကို ဆေးရုံပထမထပ်ရှိ စားသောက်ဆိုင်၏ ပြတင်းပေါက်အနီးတစ်နေရာတွင် ထိုင်စေကာ သူကမူ မိမိတို့နှစ်ဦးသုံးဆောင်ရန်အတွက် ကော်ဖီနှစ်ခွက် သွားဝယ်နေခဲ့လေသည်။

ပူနွေးနွေး အရာတစ်ခုက လက်ဖဝါးပြင်အတွင်းသို့ ရောက်လာမှသာ ချန်းကျင်းသည် သတိပြန်ဝင်လာမိ၍ ကပျာကယာ စကားဆိုမိလေ၏။

"ကျေးဇူးပါပဲ ကိုကြီး"

ညီဖြစ်သူထံမှ ကျေးဇူးတင်စကား ကြားရသောအခါ ချန်းရွှီသည် အနည်းငယ်မျှ အံ့ဩသွားရသည်။ အချိန်ကြာမြင့်စွာ အလိုလိုက်ခံထားရခြင်းကျေးဇူးကြောင့် ချန်းကျင်း၏စရိုက်နှင့်ဆိုလျှင် ထိုကဲ့သို့ ကျင့်ဝတ်ဆန်ဆန် စကားမျိုးက ထွက်ပေါ်လာလေ့ မရှိခဲ့ဖူးသောကြောင့်ပင်။ ချန်းကျင်းသည်ကား ငယ်စဉ်ကတည်းမှစ နတ်သမီးလေးတစ်ပါးကဲ့သို့ နူးညံ့သော အလှတရားမျိုးနှင့် မွေးဖွားလာခြင်းဖြစ်ကာ ချစ်စဖွယ်လည်း ကောင်း၏။ သို့သော် သူသည် တခြားကလေးများကို အနိုင်ကျင့်တတ်၍ အမြဲတမ်းလည်း ပြဿနာရှာတတ်သေးပြန်သည်။ အမှန်အတိုင်းဆိုရလျှင် ချန်းကျင်း၏စိတ်နေစိတ်ထားမှာ ဖခင်ဖြစ်သူနှင့်ပင် အနည်းငယ် သွားတူနေသေးလေသည်။ သူတို့နှစ်ယောက်လုံးသည်ကား တစ်ဖက်လူအပေါ် မည်ကဲ့သို့ ယဉ်ကျေးသင့်ကြောင်းနှင့် အခြေခံ ကျင့်ဝတ်များအကြောင်းကို ကောင်းစွာမသိနိုင်ခဲ့ကြပါပေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now