၉၆

16.4K 2.2K 74
                                    

Unicode

Little Angel

နတ်သမီးလေးတစ်ပါး!?

ချန်းကျင်းသည် တစ်ဒင်္ဂမျှ မိမိ၏အကြားအာရုံကပင် တစ်ခုခုချို့ယွင်းနေသလားဟု တွေးလိုက်မိပါ၏။ ထိုသို့မဟုတ်လျှင် အဘယ်ကြောင့်များ လုထောင်၏နှုတ်ဖျားထံမှ ဤကဲ့သို့သော စကားလုံးမျိုးကို ကြားနိုင်ပါလိမ့်မည်နည်း? သူ့အရှေ့၌ရှိနေသော လူမှာ အမှန်တကယ်ရော သူ၏မူလခင်ပွန်းဖြစ်သူ ဟုတ်ပါရဲ့လား?

ချန်းကျင်းသည် ၎င်းစကားကိုကြားကြားချင်း လွန်စွာမှအံ့ဩမိသွားပါသဖြင့် မည်ကဲ့သို့တုံ့ပြန်ရမှန်းပင် မသိတော့ပါချေ။ တစ်ခဏမျှကြာပြီးနောက်မှသာ သူက ဤသို့ ရေရွတ်လာနိုင်ခဲ့သည်။

"ဒါပေမဲ့ ခင်ဗျားက အစကတည်းက ကျွန်တော့်ကို ငြင်းနေခဲ့တာလေ။ တစ်ခါမှလည်း ပြုံးပြုံးရွှင်ရွှင် မဆက်ဆံဖူးဘူး။ ဘယ်လိုလုပ်ပြီး မြင်မြင်ချင်း သဘောကျမိတယ်ဆိုတာ ဖြစ်နိုင်မှာလဲ..."

သူသည် တစ်ဆက်တည်းပင် မိမိတို့နှစ်ဦးသား တွေ့ခဲ့သည့် အခိုက်အတန့်ကို ပြန်ပြောင်းတွေးလိုက်မိ၏။ သူ့အနေဖြင့် လုထောင်ကို စမြင်မြင်ချင်း ချစ်မိသွားခဲ့ခြင်း ဖြစ်ကာ အကြိမ်အနည်းငယ်မျှ တမင်သက်သက် သွားတွေ့ဆုံဖူးခဲ့၍ သူနှင့်တွဲရန်လည်း တောင်းဆိုခဲ့ဖူးသည်။ သို့နှင့် အငြင်းခံလိုက်ရပြီးနောက် အိမ်မှလူများကို တစာစာ အကူအညီတောင်းခဲ့ရာ အဆုံး၌ တစ်ဖက်လူကို သူနှင့် အတင်းအကြပ် လက်ထပ်ခိုင်းစေမိသည်အထိ ဖြစ်သွားရတော့ပေ၏။

"ကိုယ် မင်းအပေါ် ကောင်းကောင်းဆက်ဆံခဲ့ဖူးပါတယ်"

လုထောင်က ဆက်လက်အကြည့်မလွှဲတော့ပါဘဲ ချန်းကျင်းနှင့် ထပ်မံ မျက်နှာချင်းဆိုင်လာခဲ့သည်။ အစောပိုင်းက ဖြစ်ပေါ်နေခဲ့သော ရှက်ရွံ့မှုများက ယခုအချိန်တွင်မူ ပုံရိပ်ယောင်အလား။

"ကိုယ့်ရဲ့စရိုက်ကိုက အရင်ကတည်းက ဒီလိုပဲ ခပ်အေးအေး ဖြစ်နေခဲ့တာမို့ ခံစားချက်တွေကို မျက်နှာမှာ လွယ်လွယ်ကူကူ ဖော်မပြတတ်ခဲ့တာ.."

သို့သည့်တိုင် ချန်းကျင်းမှာ နားမလည်နိုင်ပါဘဲ ပို၍ဇဝေဇဝါ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now