၆၃ (side couple)

8.8K 1.3K 187
                                    

Unicode

ဖုံးကွယ်ထားသော အမှန်တရား

စီးပွားရေးနှင့်ပတ်သက်၍ ချန်းရွှီ၏ဖြေရှင်းနည်းသည်ကား လိမ်မာပါးနပ်လွန်းသည်ဟု ယူဆ၍မရသကဲ့သို့ မိုက်ရူးရဲဆန်ဆန် တဇွတ်ထိုး လုပ်တတ်သည်ဟုလည်း သတ်မှတ်၍မရပါပေ။ ချန်းမိသားစု၏ အဓိကလုပ်ငန်းသည် စွမ်းအားအသစ် ထုတ်လုပ်ရေးဖြစ်၍ ၎င်းလုပ်ငန်းမှာ ချန်းကျန်းက အဆင့်နိမ့်သည့် ကမ္ဘာငယ်တစ်ခုကို ဝယ်ယူပြီးနောက် ၎င်းကမ္ဘာထံမှ ထူးခြားသော သတ္တုဓာတ်များအား ကံအားလျော်စွာ ရှာဖွေတွေ့ရှိခဲ့ရာမှ အစပြုခဲ့ခြင်း ဖြစ်လေ၏။ ထိုအချိန်မှစ၍ ချန်းမိသားစုသည် ကမ္ဘာ့အချမ်းသာဆုံး ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းပင်။

သို့နှင့် ချန်းကျန်းက အသက်ရလာပြီးနောက်ပိုင်းတွင် မိသားစုစီးပွားရေး လုပ်ငန်းအားလုံးမှာ ချန်းရွှီ၏လက်ထဲသို့ ကျရောက်လာရ၏။ ချန်းရွှီအနေဖြင့် မိမိတို့မိသားစုလုပ်ငန်းကို ကောင်းကောင်းစောင့်ရှောက်မည်မှာ အထူးတလည် ပြောစရာပင် မလိုတော့ပါချေ။ ထို့အပြင် ချန်းရွှီသည်ကား လွယ်လွယ်ကူကူ ရင်းနှီးမြှပ်နှံတတ်သည့် စီးပွားရေးသမားလည်း မဟုတ်ရပါ။ များသောအားဖြင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုခု မပြုလုပ်မီ သူသည် ၎င်းလုပ်ငန်း၏အကြောင်းနှင့် အကျိုးအမြတ်ကို ဦးစွာစစ်ဆေးပြီးမှ ဆုံးဖြတ်ချက် ချတတ်လေသည်။

သို့သော် ၎င်းရင်းနှီးမြှုပ်နှံမှု ပရောဂျက်က သူ့လက်ထဲသို့ ရောက်ရှိလာလာချင်းပင် ချန်းရွှီသည် ၎င်းလုပ်ငန်းအား စိတ်ဝင်စားသွားမိခြင်း ဖြစ်၏။ သူသည် ထိုလုပ်ငန်းနှင့်ပတ်သက်၍ အချိန်အကြာကြီး လေ့လာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆုံးသတ်၌ ၎င်းလုပ်ငန်း၏ပြင်ဆင်ပုံ အချက်အလက်အားလုံးသည်ကား သူတစ်ခါက စိတ်ကူးခဲ့ဖူးပါသော အကြံအတိုင်း တူညီနေကြောင်း တွေ့ရှိခဲ့ရလေသည်။

အမှန်အတိုင်းဆိုရလျှင် ထိုအခါက ဖခင်ဖြစ်သူ ချန်းကျန်းက သူ့ကို ဖျောင်းဖျခဲ့ဖူး၏။ ၎င်းရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိမည့် အကျိုးအမြတ်က လွန်စွာမှ များပြားသည့်တိုင် အနည်းငယ် စွန့်စားရာ ကျရောက်နေသောကြောင့်ပင်။ အကယ်၍ အစိုးရကသာ သူတို့မျှော်မှန်းထားသည့် အချိန်အတွင်း မိုင်းဖောက်ခွင့်လိုင်စင်အား ခွင့်မပြုလျှင် ကျိန်းသေပေါက် ဒုက္ခရောက်ရလိမ့်လေမည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now