၄၈

13.2K 1.7K 78
                                    

Unicode

"နောက်တစ်ယောက်"ဆိုသည်မှာ ထပ်၍မရှိနိုင်

ချန်းကျင်းသည်ကား သေရေးရှင်ရေးနှင့် ကြုံလာချိန်၌ ဤမျှအထိ တုံးအကာ အသုံးမကျဖြစ်လိမ့်မည်ဟု မိမိကိုယ်ကို ထင်မှတ်မထားခဲ့မိပါချေ။ တစ်ဖက်မှဓားသွားက သူ့ထံသို့ မကျရောက်မီပင် သူက သတိလစ်၍ အနည်းငယ် မူမမှန်ချင် ဖြစ်နေရလေပြီ။

သူသည် အပြင်လောကမှ ပုံရိပ်များအား ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေရသည့်တိုင် ရပ်နေသည့်နေရာမှ ထွက်ပြေးရန်ကိုမူ သေးသေးလေးမျှ မတွေးနိုင်ခဲ့။ သူ၏ခြေအစုံမှာ မြေပြင်ထက်၌ သံမှိုနှင့် စွဲကပ်ထားသကဲ့သို့ ဖြစ်နေကာ တုပ်တုပ်မျှပင် လှုပ်မရခဲ့ပါပေ။

တစ်ဖက်လူ၏ လက်မောင်းအတွင်း ထွေးပိုက်ခံထားရချိန်မှသာ ချန်းကျင်းသည် အနည်းငယ် အသိစိတ် ပြန်ဝင်လာရခြင်း ဖြစ်၏။ မျက်ခွံများဖွင့်ဟဟချင်း မြင်တွေ့လိုက်ရသည့် မြင်ကွင်းသည်ကား ဆွဲဆောင်မှုရှိလွန်းပါသော မေးရိုးပုံစံနှင့် အတက်အကျဖြစ်နေသော လည်ဇလုပ်တစ်ခုပင်။

သူသည် လုထောင်ထံမှ နောက်ထပ်တစ်ကြိမ် အကယ်ခံလိုက်ရခြင်း ဖြစ်၏။

မူလအစက လုထောင်နှင့်သူ၏ အကွာအဝေးမှာ လွန်စွာမှ အလှမ်းဝေးလှသည် ဖြစ်သဖြင့် ချန်းကျင်းသည် တစ်ဖက်လူက သူ့ဆီသို့ ယခုကဲ့သို့ အချိန်မီရောက်လာပါရန် မည်ကဲ့သို့များ ပြေးလွှားလာခဲ့ပါသနည်းကို အတော်လေး နားမလည်နိုင် ဖြစ်နေခဲ့ရလေသည်။ ပတ်ဝန်းကျင်ရှိ အော်ဟစ်သံများအားလုံးကိုလည်း သူသည် ကြားနိုင်စွမ်းမရှိခဲ့။ သူ၏ရှိရှိသမျှသော အာရုံအလုံးစုံမှာ ခင်ပွန်းဖြစ်သူထံ၌သာ စွဲကပ်နေဟန်တူ၏။

လုထောင်သည် ချန်းကျင်းအား ပွေ့ချီလျက် အခင်းဖြစ်ပွားရာ နေရာမှ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။ သူတို့၏အနောက်၌ ဒဏ်ရာရနေသော တက္ကဆီသမားကလည်း ပြေးလိုက်လာခြင်းဖြစ်ကာ တချို့လူများသည် သူတို့နှစ်ဦးအား ရန်သူအဖြစ် ထင်မှတ်သွားကြပြန်၏။ ထို့ကြောင့် မကြာမီအတွင်းပင် လူအုပ်ကြီးထဲမှ သွေးဆူနေသော လူကြီးတစ်ယောက်က ဓားတစ်ချောင်းအား မြှောက်ကိုင်လျက် သူတို့ဆီသို့ ရှေးရှုလာခဲ့တော့သည်ပင်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now