၈၇

14.7K 2K 100
                                    

Unicode

မမျှော်လင့်ထားသော အခြေအနေတစ်ရပ်

နံပါတ် ၂၉ ကမ္ဘာ၏ အခြေခံထောက်ပံ့မှုများသည်ကား အမှန်တကယ်ပင် လိုအပ်ချက်များရ၏။ ရာသီဥတုက လွန်စွာမှ အေးနေသောကြောင့် အဆောက်အဦးများ ဆောက်ရန် အဆင်မပြေသည့်အပြင် ဆက်သွယ်ရေးလိုင်းကလည်း စုတ်နေသေးသည်။ ယုတ်စွအဆုံး ချန်းကျင်းတို့နေထိုင်ရာ မြို့ကလျှင်ပင် လိုင်းကောင်းကောင်း မမိနိုင်ပါချေ။

ချန်းရွှီက မြို့တွင်းတွင် Network Signal တစ်ခု တပ်ဆင်ပေးရန်အတွက် လျှောက်လွှာတင်ခဲ့သည့်တိုင် တကယ်တမ်း တာဝန်ရှိသူတစ်ဦးက ကိုယ်တိုင်လာရောက် တပ်ဆင်ပေးရန်အတွက်ကိုမူ လဝက်တိတိ စောင့်ခဲ့ရပေ၏။

ထိုအချိန်တွင် ချန်းကျင်းသည် အသုံးအဆောင်ပစ္စည်းအချို့ကိုပင် အဆင်သင့် ချည်ထိုးပြီးပြီဖြစ်၍ ပုံများလည်း ရိုက်ယူပြီးလေပြီ။ ထို့ကြောင့် သူ့အနေဖြင့် သူ၏ကိုယ်ပိုင်စတိုးပေ့ချ်လေးအား တည်ထောင်ကာ လက်ရာများကို ချပြရန်အတွက် အင်တာနက်လိုင်းအား စောင့်ရန်သာ လိုအပ်ပေတော့၏။ သို့သော် တကယ်တမ်း လိုင်းသုံးရသောအခါတွင်မူ လိုင်းဆွဲအားက လိပ်တစ်ကောင်ကဲ့သို့ နှေးနေခဲ့သည်ပင်။

ချန်းကျင်းက အနည်းငယ် စိတ်ရှုပ်သွားဟန်ဖြင့် မနေနိုင်စွာ တိုးဖွဖွ ရေရွတ်လာ၏။

"ဘာလို့ အဲ့ဒီလောက်တောင် နှေးနေရတာလဲ..."

"ဒါက ပုံမှန်ပဲလေ။ ဦးလေတို့ ကမ္ဘာက ဆင်းရဲတော့ လိုင်းဆွဲအားကလည်း ခပ်စုတ်စုတ်တွေပဲ ရနိုင်တာ"

လာရောက်တပ်ဆင်ပေးသော တာဝန်ရှိသူက စိတ်ဆိုးဟန်မပြပါဘဲ စိတ်ရှည်စွာနှင့် ရှင်းပြသည်။

"နောက်ပြီး အသုံးပြုတဲ့လူကလည်း သိပ်မများဘူးလေ။ အခုတောင် ဒီကမ္ဘာရဲ့ အိမ်ထောင်စု သုံးပုံတစ်ပုံလောက်ကပဲ ကွန်ပျူတာ သုံးနိုင်တာ။ အဲ့ဒါထက် တချို့နေရာတွေမှာဆို အင်တာနက်လိုင်းတောင် မရှိဘူး။ အခြေခံလျှပ်စစ်မီးနဲ့ အပူပေးစနစ်လောက်ပဲ ရှိတာ"

ထိုအခါ ချန်းရွှီကလည်း အနည်းငယ် စိတ်ညစ်သွားဟန်ဖြင့် ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်မိ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now