Episode 2 : : The familiar air made me think that my heart isn't mine anymore.
.........................
" မိန်းကလေးကို ကားမောင်းခိုင်းရတာ အားနာလိုက်တာ။ ကိုယ့်မှာ အခုထိ လိုင်စင် မရှိသေးလို့... "
" ရပါတယ် အစ်ကိုကလည်း။ အားနာစရာ မလိုတာကို ဘာလို့ အားနာနေတာလဲ။ "
ညာဘက်ချိုးမည် ဖြစ်ကြောင်း အချက်ပြခလုတ်ကို တင်ပြီးချိန်မှာ စတီယာတိုင်ကို ဖြည်းဖြည်းချင်း လှည့်ရင်း Ah-young က ခပ်ပြုံးပြုံး လှမ်းပြောသည်။
" ဒရိုင်ဘာဦးလေးကြီးကိုတောင် ညီမက တမင် ပြန်လွှတ်လိုက်တာ။ အစ်ကိုနဲ့ နှစ်ယောက်တည်းပဲ အတူတူ သွားချင်လို့။ "
ပြောထွက်ပြီးသွားမှ Ah-young က နှုတ်ခမ်းကို သွားနှင့် မသိမသာ ပြန်ဖိကိုက်သည်။ သူကတော့ ခေါင်းငုံ့ချပြီး သိသိသာသာပဲ ပြုံးမိ၏။ သိသိသာသာ ပြုံးနေတဲ့ သူ့ကို Ah-young က မသိမသာ လှမ်းကြည့်လိုက်တာလည်း ခံစားရသည်။ အဲဒီအချိန်မှာပဲ ကားနောက်ခန်း လှောင်အိမ်ထဲက ကြောင်ဆီကနေ အော်သံတစ်ခု ထွက်လာသည်။
" ကျန်နေခဲ့တဲ့ အနက်လေးကလည်း ချစ်စရာလေးနော် အစ်ကို။ ဒီအဖြူလေးကတော့ နည်းနည်း ပိုသန့်လို့။ မျက်လုံးပြာလေးတွေကလည်း လှလိုက်တာ။ "
" နားထောင်ရတာ သဘောကျလို့ တစ်ခေါက်လောက် ပြန်ပြောပါဦး။ အစ်ကိုနဲ့ နှစ်ယောက်တည်း တူတူ ရှိချင်လို့ ဆိုတာကို။ "
မီးပွိုင့်အနီ မိသွားလို့ ဘရိတ်ကို ဖိနင်းရင်း Ah-young က သူ့ဘက် တစ်ခါထပ်လှည့်ကြည့်သည်။ ဒီတစ်ခါကတော့ သိသိသာသာ ငေးလာခြင်း။
နည်းနည်းလောက် ထပ်ပြီး ပြုံးနေဦးဖို့ သူ စိတ်ကူးထားသော်လည်း အတိတ်၏ အချိန်နာရီတစ်ချို့ထဲ အမှတ်တမဲ့ ပြုတ်ကျသွားရင်းက နှုတ်ခမ်းတစ်ဝိုက်တွင် ဖြတ်သန်းနေသည့် အာရုံကြောတွေ တုံ့ဆိုင်းသွားသယောင် ထင်ရသည်။ "နှစ်ယောက်တည်း အတူတူ ရှိချင်လို့" ဆိုတဲ့ အဲဒီ စကား။ ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားခဲ့သော သန့်စင်ခန်းထဲမှာ တစ်ယောက်ယောက်က သူ့အနား တိုးသထက် တိုးကပ်ရင်း ပြောခဲ့သည့် စကား။