Ep - 16

131 20 19
                                    

Episode 16 : : You are so beautiful. In every shape. In any form.

.........................

အဝတ် လွတ်ပြီး နိုးထလာဖူးသည့် မနက်ခင်းဟာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း အရှေ့အခေါက်တိုင်းသည် နောင်တအပြည့်နှင့် ဖြစ်ခဲ့၏။

ကားထဲမှာ၊ ဟိုတယ်မှာ၊ သို့မဟုတ် တစ်ဖက်မိန်းကလေး၏ အိမ်မှာ၊
ထို မိန်းကလေး အလိုကျ သူ ကျိုးနွံချင် ကျိုးနွံပေးသလို ဦးဆောင်ချင် ဦးဆောင်ပေးသည်။

အဲဒီလိုနဲ့ ညအလယ်လောက်တွင် သူ မောဟိုက်ပြီး အိပ်ပျော်သွားလိမ့်မည်။ မနက်ရောက်တော့ သူ့နံဘေး၌ မျက်လုံး မှိတ်ပြီး ငြိမ်သက်နေသော မိန်းကလေးတစ်ဦး၏ ပုံရိပ်ကို အရင်ဆုံး မြင်ရမည်။
ထို့နောက် သူ သက်ပြင်းတွေ ချမိမည်။
သူ ဘာတွေ လုပ်မိသလဲဟု နောင်တရစွာ တွေးမည်။
သို့သော်လည်း ဤ အမှားကို သူ မရပ်တန့်နိုင်။
ကြောက်လန့်စိတ်ကြောင့်၊ အမှန်ကို အမှန်ဟု လက်မခံနိုင်သော ထိတ်လန့်စိတ်ကြောင့် ထပ်ခါထပ်ခါ ကျူးလွန်မိသည့် အမှားတွေဟာ သူ့ရဲ့ အသက်တစ်ဝက်ထက်တောင် ပိုနေခဲ့မည် ထင်ပါသည်။

မနေ့ညက ...။

မနေ့ညကတော့ ထူးခြားလွန်းခဲ့သည်။

အဖြူရောင် ခေါင်းအုံးစွပ်ကို အားကိုးအားထားရာ အသက်ကယ် ကြိုးမျှင်တစ်ချောင်းလိုမျိုး ရှိသမျှခွန်အားအကုန်ဖြင့် ဆွဲဆုပ်ခြေမွနေခဲ့သော အဲဒီ လက်ချောင်းလှလှလေးတွေက အစ ...၊

တုန်တုန်ယင်ယင်နဲ့ ပင်မော့နေခဲ့သည့် မေးဖျားတွေရော ...၊
အောက်ခံ အိပ်ရာခင်းအား တွန့်ကြေအောင် သူ ဖန်တီးတိုင်းမှာ သူ့နာမည်ကို လှမ်းခေါ်ရင်း မောပန်းစွာ ပွင့်လာခဲ့သည့် နှုတ်ခမ်းပါးတွေရော ...၊

သူ့လက်နှစ်ဖက်ထဲ အိစက် ပျော်ဝင်နေခဲ့သည့် နူးညံ့သော အဲဒီ ပေါင်သွယ်သွယ်တွေက အဆုံး ...၊

အရာအားလုံးဟာ တစ်သက်တာ မေ့ပျောက်မရသည့် အလှဆုံးသော အနုပညာတွေ ဖြစ်ခဲ့သည်။

သူ့မှာ နောင်တ မရှိ။
ဒီ မနက်ခင်းဟာ အမှားများစွာဖြင့် နိုးထလာရသည့် အခြားမနက်ခင်းတို့နှင့်လည်း နည်းနည်းကလေးမှ သက်ဆိုင်မနေပါ။
ဒီမနက်ခင်းဟာ သူ ကြုံတွေ့ဖူးသမျှထဲ အကြည်လင်ဆုံး မနက်ခင်း။ ဒီမနက်ခင်းဟာ သူ နိုးထခဲ့ဖူးသမျှထဲ ပျော်စရာအကောင်းဆုံး မနက်ခင်း ဖြစ်သည်။

Less Ice, More Sugar - Side Story (Completed)Donde viven las historias. Descúbrelo ahora