Episode 1 : : Won't forget you.
.........................
နိုဝင်ဘာလ၏ ပထမဆုံးအပတ်တွင် ချောင်းဂယ် ပလာဇာမှ ဆူဖြို တံတားအထိ အလင်းရောင်တွေ ဝေဆာနေသည်။ ဆောင်းဦးအစ။ စိမ့်စိမ့်လေး အေးသော ရာသီဥတုဟာ နေရာတိုင်းကို ထွေးဖက်ထားသလို ပုံစံစုံ မီးပုံးတို့ကလည်း လမ်းများ၊ အမိုးများ၌ အစီအရီ။
ကြယ် မရှိသည့် ဟာလာဟင်းလင်း ကောင်းကင်ပြင်ပေါ် တလွင့်လွင့် ဝဲတက်သွားတဲ့ မီးပုံးပျံများ၏ ခန္ဓာတွင်တော့ ထောင်ပေါင်းများစွာသော ဆုတောင်းတွေက ရှင်သန်နေ၏။ သူ့ဘေးက ကောင်မလေး လက်ထဲမှာ အနက်ရောင် ဘောပင်တစ်ချောင်း။ သူကတော့ လက်နှစ်ဖက်စလုံးကို ကုတ်အင်္ကျီအိတ်ထဲသာ ထိုးထည့်ထားမိသည်။
မီးပုံးအသားဖြူဖြူထက်တွင် ဘယ်လို လျှို့ဝှက်ဆုတောင်းတွေများ ကြိတ်ရေးနေသလဲဟု မျက်လုံးတစ်ဖက် စောင်းပြီး သူ ချောင်းကြည့်တော့ ကောင်မလေးက သူ့အကြံကို ရိပ်မိသွားသလိုနဲ့ မီးပုံးထက်မှ စာတစ်ချို့အား လက်ဖဝါးဖြင့် လှစ်ခနဲ ဖုံးလိုက်တာ တွေ့ရသည်။" သူများဆုတောင်းကို လာချောင်းမကြည့်နဲ့။ အစ်ကို့ဘာသာ တစ်ခု ရေး။ "
စူပုပ်ပုပ်ကလေး ဆိုလာတဲ့အခါ သူ ငွေ့ငွေ့ ပြုံးမိသည်။ ပြောချင်တာ ပြောပြီးသွားတဲ့ ကောင်မလေးကတော့ သူ့ဆီကနေ အကြည့် ပြန်လွှဲပြီး မပြီးပြတ်သေးသော ဆုတောင်းကို မီးပုံးဖြူဖြူထက် ဆက် ချရေးနေသဖွယ်ရှိသည်။
" မရေးချင်ဘူး။ ကိုယ့်အတွက်က ဆုတောင်းတွေ မလိုဘူး။ "
ဘောပင်ကိုင်ထားတဲ့ ကောင်မလေးရဲ့လက်ချောင်းတွေ တုံ့သွားသည်။ အဲဒီနောက်မှာ သူ့မျက်နှာကို ထပ်မော့ကြည့်လာသည်။
" ကိုယ့်ဆုတောင်းကို အဲဒီ မီးပုံးက ဖြည့်ပေးနိုင်မှာ မဟုတ်လို့။ ကိုယ် တကယ် လိုချင်နေတဲ့ ဆုတောင်းကို ညီမပဲ ဖြည့်ပေးနိုင်မှာ။ "
ရဲခနဲ နီတက်လာသော ပါးများကို မလုံမခြုံ ကွယ်ဝှက်ရင်း ကောင်မလေးက ခေါင်းတွေ ပြန်ငုံ့သွား၏။ ရေးတေးတေး အပြုံးတွေကတော့ နှုတ်ခမ်းပေါ်မှာ ရှိသည်။
" ကိုယ့်ကို ဘယ်တော့အဖြေပေးမှာလဲ Ah-young။ "
ကောင်မလေးက ရှက်ကိုးရှက်ကန်းဖြင့် တိတ်တိတ်ကလေး ငြိမ်နေသည်။