Episode 3 : : Stay beside me for a long time. If it's possible, stay forever. It's okay.
.........................
ပြီးဆုံးသွားပြီဟု တစ်ထစ်ချ ယုံထားခဲ့သော်လည်း မပြီးဆုံးဘဲ တစ်ဖန် သံသရာပြန်လည်လာသော ကိစ္စတွေဟာ ဘာနှင့်တူသလဲဆို သေဆုံးပြီးသားလူကို နာကျင်မှုများစွာဖြင့် ဒုတိယတစ်ခေါက် ထပ်ပြီး ရက်ရက်စက်စက် သေခိုင်းသလိုပင်။
တစ်နေ့တည်းမှာပဲ လျှောက်ထားသည့် အလုပ်အင်တာဗျူးနှစ်ခုလုံးဆီက တိုက်တိုက်ဆိုင်ဆိုင် အခေါ်ခံရတော့ သူ့စိတ်လှုပ်ရှားမှုက နှစ်ဆ ပို တိုးသည်။ အဲဒီလိုနဲ့ နေ့လည် ၁၂ နာရီကတည်းက တင်းထားခဲ့သောစိတ်ဝိညာဉ်သည် ည ၇ နာရီကျော်မှပဲ ဒုံးဒုံး ပြိုလဲတော့၏။ တတ်နိုင်သလောက် ကြိုးစားရုန်းကန်ခဲ့ပေမယ့် ကံဆိုးစွာ ပထမဆုံးအင်တာဗျူးမှာတင် နှစ်နေရာလုံး သူ ကျရှုံးသွားခဲ့သည်။ အလုပ်အင်တာဗျူး ဖြေလျှင် မဝတ်မနေရ ဖြစ်သည့် အနောက်တိုင်းကုတ်၊ အဖြူရောင်ရှပ်နှင့် ခပ်ကျပ်ကျပ် နက်ကတိုင်တို့က သူ့ပူလောင်မှုကို ပိုကာ ဓာတ်ဆီ လောင်းနေသည်နှင့်လည်း တူသည်။
အခုထိ ဒုတိယအလုပ်အင်တာဗျူး ဖြေရသော ဟိုတယ်ထဲကနေ သူ မထွက်လာရသေး။ တော်တော်လေး ပင်ပန်းနေပြီဖြစ်တာမို့ လန်းသွားအောင် မျက်နှာသစ်ဖို့ ဆိုရင်း မြေညီထပ်က သန့်စင်ခန်းထဲ ဝင်လာလိုက်သည်။ အင်တာဗျူးအမှတ်စဉ်ရေးထားသည့် ကတ်ပြားကို လည်ပင်းပေါ်က ဖြုတ်၊ အပေါ်ဝတ်ကုတ်ပါ ချွတ်လိုက်သည်။ တင်းကြပ်နေသော နက်ကတိုင်ကို ရင်ဘတ်တစ်ဝက်လောက်အထိ ဆွဲချလိုက်မှ အသက်ရှူကျပ်နေတာတွေ သုံးပုံတစ်ပုံ ပြေလျော့သွားသည်။ ရေပိုက်ခေါင်းထဲက စီးကျလာတဲ့ ရေအေးတွေကို လက်ဖဝါးဖြင့် ခံယူကာ ဆက်ပြီး မျက်နှာတစ်ပြင်လုံးပေါ် နှံ့နှံ့စပ်စပ် သူ ဆေးချသည်။ အသက်ရှူကျပ်နေတာတွေ သုံးပုံနှစ်ပုံ လျော့ကျကုန်သည်။
စိတ်ကျေနပ်သည်အထိ မျက်နှာ သစ်ပြီးသွားတော့ ဘေစင်ဘောင်ပေါ် တင်ထားသည့် ကုတ်အင်္ကျီကို ကောက်ယူ၊ အမှတ်စဉ်ကတ်ပြားကိုတော့ အမှိုက်ပုံးထဲ လွှင့်ပစ်ရင်း အိမ်သာအပြင်ဘက်သို့ သူ ပြန်ဦးတည်လိုက်သည်။ အဲဒီအချိန်မှာ အနောက်တိုင်းဝတ်စုံ ခဲပြာရောင်နှင့် အရပ်ရှည်ရှည် လူတစ်ယောက်က သူ့မျက်နှာချင်းဆိုင်ကနေ သန့်စင်ခန်းထဲ ဝင်လာသည်။
![](https://img.wattpad.com/cover/270116676-288-k289048.jpg)
KAMU SEDANG MEMBACA
Less Ice, More Sugar - Side Story (Completed)
Fiksi Penggemarso, how do you define "love" ?