"သို့.....အတိတ်က..... "အပိုင်း (၁၆)

411 28 0
                                    

Scholar  ပထမနှစ် -

မ ကို လွမ်းရတာမှရူးမတတ်ပဲ။ လင်းမြတ်နောင်က ကျောင်းပြောင်းလာလို့တစ်မြို့တည်းမို့ စားရိတ်ချွေတာလို့ရအောင်ဆိုပြီး သူ့သူငယ်ချင်းလူဖြူမနှစ်ယောက်နဲ့ပါ ပေါင်းပြီးအခန်းငှားနေကြတယ်။ စုပေါင်းစပ်ပေါင်းမို့သာသက်သာတော့တယ်။ တေးတေး နားမလည်တာကလင်းမြတ်နောင်ကိုပဲ ကိုယ်ပိုင်တိုက်ခန်းရှိနေတာကို ဒီကျဉ်းတိကျဉ်းကျုပ်အခန်းထဲ လာပေါင်းနေတာကိုပဲ။ ပြောပြန်တော့ တစ်ယောက်တည်းမနေရဲလို့တဲ့လေ။ သူလိုလူကလေ။ သူ့တိုက်ခန်းကျလည်း ကိုယ်တတ်နိုင်တဲ့အနေအထားနဲ့ လခမတတ်နိုင်ဘူး။ ပေးနိုင်သလောက်ပေးဆိုရင်တောင် တေးတေးက မာနအကြီးသားလား။ တန်ရာတန်ကြေးမပေးနိုင်ဘဲ လင်းမြတ်နောင်အခန်းလိုက်မနေဘူးဆိုလို့ သူကဒီရောက်လာတာ။ ခုငှားနေတဲ့အိမ်က အိပ်ခန်းကနှစ်ခန်းမို့ နှစ်ယောက်တစ်ခန်းနေရတယ်။ လင်းမြတ်နောင်နဲ့ တေးတေးနဲ့ကတစ်ခန်းပေါ့။ တစ်ယောက်အိပ်ကုတင်နှစ်လုံးဆန့်လောက်တဲ့အထိကျယ်ပါတယ်။ အစကတော့ အနေနည်းနည်းကကျုံ့ပေမဲ့ လင်းမြတ်နောင်ကဆင်ခြင်ပေးလို့ နေရတာအဆင်ပြေလာပါရဲ့။ ရေချိုးခန်းတစ်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း ဧည့်ခန်းကတွဲရက်။ သိပ်မကျယ်ပေမဲ့ နေလို့တော့ဖြစ်ပါရဲ့။ အသားမကျနိုင်ခဲ့ဘူး အဲ့ဓလေ့၊ အဲ့စရိုက်၊ အဲ့လူနေမှုတွေကို။ သူတို့ရဲ့ပွင့်လင်းလွန်းတဲ့နေထိုင်ပုံတွေနဲ့ အဆင်တပြေဖြစ်ဖို့ တေးတေး အတော့်ကိုကြိုးစားယူခဲ့ရပါတယ်။ မ ကိုလွမ်းတဲ့စိတ်၊ နေရတာအသားမကျတဲ့စိတ်၊ အစားအသောက်အဆင်မပြေတဲ့စိတ် စတဲ့စတဲ့ အခြေအနေတွေကြောင့် ပြန်ပြေးချင်မိခဲ့တာကအကြိမ်ကြိမ်။ ရောက်ပြီးမှတော့ လက်မလျှော့ချင်တဲ့စိတ်၊ အလွယ်တကူအလျှော့မပေးတတ်တဲ့စိတ်တွေကြောင့်သာ တင်းခံနေခဲ့ရတာ။  ခက်ခဲတဲ့သင်ခန်းစာတွေ၊ ဘာသာစကားအခက်အခဲတွေကြားအလူးအလဲရုန်းကန်နေရတဲ့အချိန်ကြားကကို အနားရတဲ့ အချိန်ခဏလေးမှာကို မ ကိုသတိရဖို့ လွမ်းဖို့မမေ့ခဲ့ဘူး။ အချိန်မှန်ဆက်သွယ်ဖို့ကျ အချိန်ကွားခြားချက်တွေ မ ရဲ့ ကျောင်းစာတွေ၊ တေးတေးရဲ့ အချိန်ပိုင်းအလုပ်တွေ၊ စာသင်ချိန်တွေကြား အတင်းညှိယူရင်းက တစ်ပါတ်တစ်ကြိမ်ဆိုတာတောင် တွေဖို့ ခက်ခဲလွန်းနေခဲ့ရတာ။ ရတဲ့အချိန်လေး အဖေနဲ့အမေကို ဖုန်းဆက်ပေးရသလို။ မနဲ့ တွေ့တဲ့အချိန် စကားပြောလို့ရတဲ့အချိန်လေးမှာ အဆင်ပြေလား၊ သတိရနေခဲ့တာ၊ လွမ်းနေခဲ့တာ အဲ့လိုစကားတွေ မပြောနိုင်ခဲ့ဘူး။ မရဲ့ မျက်နှာလေးကိုပဲ ငေးစိုက်ကြည့်နေချင်ခဲ့မိတာ။ မ က ပြုံးပြနေ၊ ရယ်ပြနေပေမဲ့ ညှိုးငယ်လွန်းတဲ့ မ ရဲ့ မျက်ဝန်းတွေက ဘယ်လောက်လွမ်းနေတယ်၊ ဘယ်လောက်ပင်ပမ်းနေတယ်ဆိုတာ ပြောပြစရာမလိုတဲ့အထိ သိသာလွန်နေရဲ့။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now