"သို့..... အတိတ်က....." အပိုင်း(၂၅)

374 26 2
                                    

အိမ်ပြန်အိပ်တဲ့ ရက်တွေဆို မနက်စာအတွက် ကျွန်မကြိုက်တဲ့ မုန့်ဟင်းခါးကို တကူးတကပြင်ဆင်ပေးတတ်တဲ့ အဒေါ်ကြီးရဲ့စေတနာကို ဥပေက္ခာ မပြုရက်ဘူးလေ။ ဒေါ်ကြီးစိန် ဆိုတာ ကျွန်မအမေအရွယ်နဲ့ မတိမ်းမယိမ်းရယ်။ ထက်မြတ်နောင်ကို ငယ်ငယ်တည်းက ထိန်းလာတဲ့သူ။ ထက်မြတ်နောင်ကို သားတစ်ယောက်လို ချစ်သလို ကျွန်မကိုလည်း အတော်သံယောဇဉ်ရှိတဲ့ သူရယ်ပါ။ ကျွန်မနဲ့ ထက်မြတ်နောင် ပြဿနာတတ်တိုင်း တစ်အိမ်လုံးက စိတ်မကောင်းတတ်ကြ။ ထက်မြတ်နောင် ဆိုးတာတွေသိသလို ကျွန်မကို လက်မလွှတ်နိုင်ဘူးဆိုတာလည်း သိကြသူတွေ၊ ကျွန်မကိုစာနာတတ်သူတွေပေါ့။  ဘယ်လောက်ပဲစာနာတတ်ကြတယ်ဆိုလည်း သူတို့အကုန်လုံးက ထက်မြတ်နောင်ရဲ့လူတွေလေ။ ထက်မြတ်နောင်က သေဆိုသေ၊ ရှင်ဆိုရှင်ရတဲ့သူတွေ။ ထက်မြတ်နောင်က လူတွေကို ဘယ်လိုသိမ်းသွင်းရမလဲ အသေအချာသိတဲ့သူ။ နာတာကိုထုတ်မပြတတ်ခဲ့သမျှ။ မိဘအိမ်ပြန်လို့ ခေါင်းမဝှေ့တတ်ခဲ့သမျှ ကျွန်မသန်မာကြောင်းပြခဲ့ရတဲ့အချိန်တွေက နည်းမှ မနည်းခဲ့။ ငိုမဖြစ်ဘူး။ အမြဲပြုံးနေပြီး နူးနူးညံ့ညံ့နေတတ်တဲ့ တိမ်လွှာဖြူရဲ့ပုံစံက ဒီအိမ်မှာတော့ အမြဲတင်းမာနေတတ်တဲ့ တိမ်လွှာဖြူအဖြစ်ရယ်သာ။ နူးညံ့မှုတွေထက် ထီမထင်ပြုံးတွေ မဲ့ပြုံးတွေနဲ့ တိမ်လွှာဖြူ။ ခံစားချက်မဲ့နေတဲ့ တိမ်လွှာဖြူရယ်သာ။ ထက်မြတ်နောင်ရဲ့ တစ်အိမ်လုံး အလုပ်သမားတွေ၊ လုပ်ငန်းခွင်က အလုပ်သမားတွေအားလုံးဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့၊ မျက်နှာတောင်မော်မကြည့်ရဲကြတဲ့ ထက်မြတ်နောင်ကို မျက်နှာတစ်ချက်မပျက်၊ မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ကြည့်ရဲတာဆိုလို့ တိမ်လွှာဖြူ တစ်ယောက်သာရှိရဲ့။ လူတွေမှာ ပုံစံနှစ်မျိုးသာ အသေအချာရှိရင် ထက်မြတ်နောင်ကိုဆတ်ဆံတဲ့ တိမ်လွှာဖြူ့ပုံစံက တိမ်လွှာဖြူကိုကောင်းကောင်းသိတဲ့သူတွေ မင်သက်နိုင်လောက်တဲ့အထိ ပုံစံပြောင်းလဲနေခဲ့တာ။

မနက်စာစားနေတုန်း ရှေ့ကို အရိပ်ကျလာတာ သိပါရဲ့။ ကျွန်မ မော့မကြည့်ခဲ့ပါဘူး။ ဘယ်သူဆိုတာသိနေသားပဲ။ ဒီအိမ်ကြီးရဲ့ အရှင်သခင်၊ ကျွန်မရဲ့ ခင်ပွန်းဆိုတဲ့သူ။ အရင် ခင်မင်ရင်းစွဲ ရှိခဲ့သူရဲ့မျက်နှာကို ကိစ္စတွေဖြစ်ပြီးနောက်ပိုင်း စေ့စေ့ပြန်ကြည့်မိတဲ့အချိန်ဆိုလို့ တစ်ချိန်ပဲ ရှိတယ်။ ဟုတ်တယ်။ သူနဲ့ကျွန်မရဲ့ပြဿနာတွေကြား မောင့်နာမည် ပါလာချိန်၊ မောင့်ကိုဆွဲထည့်လာတဲ့ အချိန်တွေပေါ့။ အဲ့အချိန်တွေတိုင်း ကျွန်မသူ့မျက်နှာကို စေ့စေ့ကြည့်မိတာပါပဲ။

"သို့ .....  အတိတ်က..... "  [Complete]Kde žijí příběhy. Začni objevovat